အမေရိကန်-မြန်မာ တွေ့ဆုံဆွေးနွေးမှုသည် စစ်အုပ်စုကို တရားဝင်မှုပေးခြင်းမဟုတ်ဟု ထိုင်းအစိုးရ ပြော

RNA_အောက်တိုဘာ(၂၄)၊၂၀၂၆ခုနှစ်။

အမေရိကန်နှင့် မြန်မာတာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခြင်းကို ကြိုဆိုကြောင်းနှင့် ယင်းအခြေအနေသည် အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုပေးခြင်းမဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကက်ကော်က အောက်တိုဘာ (၂၃) ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။

ယခု အောက်တိုဘာလဆန်းပိုင်း၌ အမေရိကန်နှင့် မြန်မာတာဝန်ရှိသူများ ဂျပန်နိုင်ငံ တိုကျိုမြို့၌ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့မှုအပေါ် ထိုင်းအစိုးရမှ ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာကို အထီးကျန်နိုင်ငံဖြစ်နေတာမျိုး အလိုမရှိပါဘူး။ ပြီးတော့ မြန်မာနိုင်ငံကို ပထဝီနိုင်ငံရေးအားပြိုင်မှုတွေကြား အသုံးချခံ မဖြစ်စေချင်ပါဘူး။ အမေရိကန်နဲံ တစ်ခါတရံ စေ့စပ်ညှိနှိုင်းမှု လုပ်ဆောင်တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒါဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို တရားဝင်အသိအမှတ်ပြုတာလို့ မယူဆသင့်ပါဘူး” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ယခုကဲ့သို့ အမေရိကန်နှင့် တွေ့ဆုံမှုအပေါ် ပဋိပက္ခဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးအတွက် အကျိုးဖြစ်ထွန်းစေကြောင်း ၎င်းက ဆက်ပြောသည်။

အမေရိကန်နှင့် မြန်မာတာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ မြန်မာနိင်ငံအရေးနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်ရန် ကိစ္စရပ်များကို ဆွေးနွေးနိုင်မည့်အပြင် မြန်မာအား အာဆီယံထိပ်သီးဆွေးနွေးပွဲများမှ ချန်လှပ်ထားမှုအခြေအနေကိုလည်း ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ဆီဟာဆက်က ဆိုသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ ချဉ်းကပ်မှုအချို့သည် ပြောင်းလဲလာကြောင်း ဆီဟာဆက်က ထောက်ပြပြောဆိုထားပြီး မြန်မာစစ်အုပ်စုအပါအဝင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရေးကို လုပ်ဆောင်နေကြောင်း၊ ယခုကဲ့သို့ ထိတွေ့ဆက်ဆံမှုများသည် မြန်မာ့ပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက်သာဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ကြောင်းလည်း ပြောကြားထားသည်။

By RNA Editor