ချင်းတောင်ပိုင်းကို စစ်မျက်နှာ (၄) ခုဖွင့်ထားတဲ့ စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် အထိနာနေ

RNA_အောက်တိုဘာ(၂၂)၊၂၀၂၆ခုနှစ်။

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးနှင့် ရွေအောင်သာဘက်တို့ကို စစ်မျက်နှာ (၄) ခုဖွင့်ထားသည့် စစ်အုပ်စုစစ်ကြောင်းများ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် အထိနာနေကြောင်း ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က အသိပေးထုတ်ပြန်ထားသည်။

ကန်ပက်လက်မြို့နယ်ကို စစ်အုပ်စု အင်အား (၆၀၀) ဝန်းကျင်ခန့်ဟာ ဆောမြို့နယ်မှတဆင့် စစ်ကြောင်းထိုးနေပြီး မင်းတပ်မြို့ကိုလည်း မကွေးတိုင်း ပေါက်မြို့နယ် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှတဆင့် အင်အားဖြည့် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မင်းတပ်မြို့နယ်ကို အင်အား (၉၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုက ကပစ (၂၄) မှတဆင့် စစ်ယာဉ်တန်းများဖြင့် ပုံတောင်ပုံညာ-တပြင်းရွာ – ဆော-ကျောက်ထု အမှတ် (၃၆၈) အမြောက်တပ်ရင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

စစ်အုပ်စုစစ်ကြောင်းများသည် မင်းတပ်နှင့် ကန်ပက်လက်တို့အား အင်အားအများအပြားဖြင့် တပြိုင်တည်း စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှုများကြောင့် အထိနာကာ အင်အားဖြည့်တင်းမှုများ အကြိမ်ကြိမ် လုပ်ဆောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလမှစတင်ကာ (၅) လကျော်ကြာ စစ်ကြောင်းထိုးသည့် စစ်အုပ်စုသည် ယောဒေသ ကန်ကြီး၊ လယ်ကြီးအိုင်နှင့် ကချောင်းရွာတို့တွင် အခြေချတပ်စွဲမှုများရှိခဲ့ပြီး မင်းလှမြို့နယ်မှတဆင့် လောင်းရှည်သို့ စစ်အင်အားဖြည့်တင်းမှုများကို လုပ်ဆောင်နေသည်။

ယင်းစစ်အုပ်စုစစ်ကြောင်းများကိုလည်း မကွေးတိုင်း ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက ကြားဖြတ်တိုက်ခိုက်မှုများရှိနေခြင်းကြောင့် စစ်အုပ်စုစစ်ကြောင်း ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်ဆုတ်သွားရကြောင်း သိရသည်။

ထို့ပြင် မင်းတပ်နှင့် ထီးလင်းမြို့နယ်အစပ်ရှိ ရွှေအောင်သာရွာသို့ ဦးတည်ကာ ကပစ (၂၄) မှ စစ်အုပ်စုတပ်ဖွဲ့များ အင်အားဖြည့် စစ်ကြောင်းထိုးလာချိန် ယောဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းပြည်သူ့တပ်မတော် (CPA) မဟာမိတ် ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့မှုကြောင့် ဆောမြို့နယ် ကြီး(ကြည်း) ရွာသို့ ပြန်ဆုတ်သွားရကြောင်း သိရသည်။

ချင်း၊ မကွေးနှင့် ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာနေသည့် စစ်အုပ်စုသည် စလင်းမြို့နယ် ကံပြားရွာမှတဆင့် လောင်းရှည်သို့ စစ်ယာဉ်တန်း (၁၉၃) စီးဖြင့် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ ဦးတည်ကာ ထပ်မံအင်အားဖြည့်တင်း စစ်ကြောင်းထိုးမှုများကြောင့် ယနေ့အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

By RNA Editor