မူးယစ်ဆေးဖြင့် လုပ်ကြံအမှုဆင်ဖမ်းဆီးခံရသည့် စစ်မှုထမ်းစုဆောင်းခံရသူ AA တပ်တော်ထံ အလင်းဝင်ရောက်

RNA_အောက်တိုဘာ(၂၀)၊၂၀၂၆ခုနှစ်။

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်မှ အမျိုးသားတစ်ဦး အလုပ်မှပြန်လာချိန် စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီးခံခဲ့ရကာ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံခဲ့ရကြောင်း အာရက္ခတပ်တော် (AA) ထံ အလင်းဝင်သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တိုက်ပွဲများအတွင်း စခန်းစွန့်ခွာထွက်ပြေးလာပြီး AA တပ်တော်ထံ အလင်းဝင်ခဲ့သည့် အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၁) လက်အောက်ခံ အမှတ် (၂၁၈) ခြေမြန်တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် (၂) ဦးနှင့်ပတ်သက်၍ AA တပ်တော်က ယနေ့ (အောက်တိုဘာ ၂၀ ရက်) သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းမှ အဓမ္မ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရသူသည် ၂၀၂၆ ခုနှစ် မေလ (၁) ရက်က အလုပ်မှ ပြန်လာချိန် ပေါ်တာဆွဲဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေးရုံးသို့ ရောက်ရှိချိန် မူးယစ်ဆေးဝါးများဖြင့် လုပ်ကြံဖန်တီး အမှုဆင်ခံရကြောင်း၊ စစ်သင်တန်း (၃) လနှင့် မွမ်းမံ (၁) လ တက်ခဲ့ရကြောင်း၊ ယင်းနောက် ဗိုလ်တထောင်ဆိပ်ကမ်းမှ ရခိုင်ပြည်နယ် ကျောက်ဖြူသို့ ပို့ဆောင်ခံရကြောင်း စစ်မှုထမ်းတပ်သားသစ် တပ်သား စိုးမင်းသိန်းက ထွက်ဆိုထားသည်။

ထို့ပြင် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်ရှိ ဆိုင်ကယ်ကယ်ရီမောင်းသူ ကိုအောင်ကျော်နိုင်ဆိုသူကလည်း ၎င်းကို စစ်အုပ်စုက ၂၀၂၆ ခုနှစ် မေလ (၁၂) ရက် နံနက်အစောပိုင်းတွင် ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အဓမ္မတပ်သားသစ် စုဆောင်းခံရပြီးနောက် စစ်သင်တန်းတက်ရောက်ခဲ့ရကာ ကျောက်ဖြူသို့ ပို့ဆောင်ခံခဲ့ရကြောင်း ထွက်ဆိုထားသည်။

စစ်အုပ်စုက ၎င်းတို့ အဓမ္မတပ်သားသစ် စုဆောင်းထားသူများကို တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ် စနဲမြို့ ရှေ့တန်းစခန်းများသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းတပ်သားသစ်များသည် ရှေ့တန်းစခန်းများ၌ နှိပ်စက်ခံရမှုများနှင့် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူများ အများအပြားရှိခဲ့ကြောင်း AA တပ်တော်ထံ အလင်းဝင်လာသူ (၂) ဦးက ထွက်ဆိုထားသည်။

ယခုနှစ် (၁၀)လအတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ဘက်ပြောင်းအလင်းဝင်လာသူ စုစုပေါင်း (၁၆၇၃) ဦးအထိရှိခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် (၃၄၀) ဦးပါဝင်ကြောင်း ပြည်သူ့ရင်ခွင်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

စစ်အုပ်စုက စစ်မှုထမ်းတပ်သားသစ် စုဆောင်းမှုများအတွက် အဓမ္မဖမ်းဆီးမှုများကို ဆက်လက်လုပ်ဆောင်နေပြီး ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ရန်ကုန်တိုင်း၌ မတရားဖမ်းဆီးခံရသူ (၇၃၂) ဦးအထိရှိပြီး (၁၃၅) ဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း Rangoon Scout Network မှ ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

By RNA Editor