■ ကျောက်မဲ၊ သီပေါနှင့် ငါန်းဇွန်တို့ကို စစ်အုပ်ချုပ်ရေး ပယ်ဖျက်
RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ်။
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်မှ မြို့နယ်များအပါအဝင် တိုင်းနှင့် ပြည်နယ် (၈) ခုက မြို့နယ်ပေါင်း (၅၅) မြို့နယ်အား စစ်အုပ်ချုပ်ရေးသက်တမ်း ရက်ပေါင်း (၉၀) ထပ်တိုးကြောင်း အောက်တိုဘာ (၁၈) ရက်တွင် စစ်အုပ်စုက ထုတ်ပြန်လာသည်။
စစ်အုပ်စုချုပ်ရေးသက်တမ်းထပ်တိုးထာသည့် မြို့နယ်များတွင် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့နယ်များလည်းပါဝင်ပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေးမတော် (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်၊ မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်ထားသည့် မိုင်းလားမြို့နယ်တို့လည်း ပါဝင်နေသည်။ UWSA နှင့် NDAA တို့သည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်နေသည့် အဖွဲ့များလည်း ဖြစ်သည်။
ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းများကြောင့် အပစ်အခတ် ရပ်စဲထားသည့် ကိုးကန့်တပ်မတော် (MNDAA) နှင့် တအာင်းတပ်မတော် (TNLA) ထိန်းချုပ်မြို့နယ် (၈) မြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေးသက်တမ်းထပ်တိုးကြောင်း စစ်အုပ်စုက ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ မဘိမ်းမြို့နယ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားပြီး မိုးမိတ်နှင့် နမ္မတူမြို့နယ်တို့ကို စစ်အုပ်စုက အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဧပြီ (၂၃) ရက်က ထုတ်ပြန်ခဲ့သည့် ကချင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်တို့မှ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့နယ်ပေါင်း (၆၀) ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ထားခြင်းဖြစ်သည်။
သို့သော် ချင်းလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် ဖလမ်းမြို့နှင့် တွန်းဇံမြို့နယ်ကို စစ်အုပ်စုက ပြန်လည်သိမ်းယူခဲ့ပြီးနောက် ဇူလိုင် (၂၁) ရက်တွင် စစ်အုပ်ချုပ်ရေး ပယ်ဖျက်ခဲ့ပြီး ယခုလ အောက်တိုဘာ (၁၈) ရက်ကလည်း မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ ရှမ်းပြည်နယ် ကျောက်မဲနှင့် သီပေါမြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး ရုပ်သိမ်းခဲ့သည်။
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်ရှီ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ် (၁၄) မြို့နယ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့များ ထိန်းချုပ်ထားသည့် စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ (၁၃) မြို့နယ်တို့အပါအဝင် ကချင်ပြည်နယ်မှ (၅) မြိုန့ယ်၊ ကရင်နီမှ (၃) မြို့နယ်၊ ကရင်ပြည်နယ်မှ (၂) မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေးသက်တမ်း သက်တမ်းထိုးထားသည်။