RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ်။
ပြင်သစ်နိုင်ငံ၌ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဆန္ဒပြမှုများ ကြုံတွေ့နေရပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား တင်းမာမှုများသည် ပိုမိုမြင့်လာနေသည်။ အောက်တိုဘာ (၁၇-၁၈) ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လူပေါင်း (၂၄၀၀) ကျော်ကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုချက်များဖြင့် ဆန္ဒပြမှုများသည် ယခု အောက်တိုဘာလဆန်းပိုင်းကတည်းက အရှိန်မြင့်တက်လာပြီးနောက် ပါရီ၊ မာဆေးလ်နှင့် လိုင်ယွန်မြို့များသို့လည်း ဆန္ဒပြပွဲများ ကူးစက်သွားကာ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ပဋိပက္ခများနှင့် ရုန်းရင်းဆန်ခတ်မှုဖြစ်မှု အခြေအနေ ဆိုးရွာနေခြင်း ဖြစ်သည်။
အောက်တိုဘာ (၁၇) ရက်က ဆန္ဒပြပွဲများ၌ စူပါးမားကတ်များနှင့် စတိုးဆိုင်များ ဖျက်ဆီးခံရပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့များကိုလည်း ဆန္ဒပြသူများက ကျောက်ခဲများ၊ ပုလင်းများနှင့် အခြားအရာဝတ္ထုများဖြင့် ပစ်ပေါက်မှုများကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပြန်လည်ပစ်ခတ် ဖြိုခွင်းမှုများ ရှိခဲ့သည်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုများသည် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက စတင်ခဲ့ခြင်းဖြစ်ပြီး အထက်တန်းကျောင်းများ၌ ဆရာ၊ ဆရာမ မလုံလောက်မှု၊ စာသင်ခန်းများ၌ ကျောင်းသားဦးရေ များပြားနေမှု၊ စာသင်ကျောင်းဆောင်များ ယိုယွင်းပျက်စီးနေမှု စသည့် မကျေနပ်မှုများမှ စတင်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်း၌ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ နေထိုင်စရိတ် မြင့်မားမှုနှင့် အစိုးရ၏ အသုံးစရိတ် လျှော့ချရေးမူဝါဒများကို မကျေနပ်သည့် အလုပ်သမားသမဂ္ဂများနှင့် ပြည်သူများသည် ဆန္ဒပြပွဲများ၌ ပူးပေါင်းပါဝင်လာခြင်း ဖြစ်သည်။
ဆန္ဒပြပဋိပက္ခများ အရှိန်မြင့်တက်လာမှုနှင့် အဓိကရုဏ်းများအပါ် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဆန္ဒပြသူများအနေဖြင့် တည်ငြိမ်မှုရှိရန် တိုက်တွန်းပြောကြားခဲ့ပြီး အကြမ်းဖက်မှုလုပ်ရပ်များသည် တရားမျှတမှုကို ဖော်ပြခြင်းမဟုတ်ကြောင်း၊ အကြမ်းဖက်မှုများကို ခွင့်လွှတ်၍မရကြောင်း၊ ယခုကဲ့သို့ အကြမ်းဖက်မှုများနှင့် အဓိကရုဏ်းများသည် ပြင်သစ်နိုင်ငံသားများအတွက် အရှက်ရစေမှုကို ဖြစ်စေကြောင်း ပြောကြားထားသည်။