မဲဆောက်မြို့၌ စီမံချက်ဖြင့် ဖမ်းဆီးခံရမှုအတွင်း လက်နက်၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားလုပ်သူများလည်း ပါဝင်နေ

NA_အောက်တိုဘာ(၁၇)၊၂၀၂၆ခုနှစ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့အတွင်း စီမံချက်ဖြင့် ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ချိန် အထောက်အထားမဲ့ မြန်မာများအပါအဝင် မူးယစ်ဆေးဝါး၊ လက်နက်ကိုင်ဆောင်သူများနှင့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း တာ့ခ်ခရိုင် ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၁၇ ရက်) ထုတ်ပြန်ထားသည်။

ယနေ့နံနက်ပိုင်း၌ အရုဏ်ဦးစစ်ဆင်ရေး စီမံချက်ဖြင့် တရားမဝင် နေထိုင်သူများနှင့် ရာဇဝတ်နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ထိုင်းရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင်များက ပူးပေါင်းဆောင်ရွက်ချိန် မူးယစ်ဆေးဝါးနှင့် လက်နက်များအပြင် အခြားနိုင်ငံခြားသားများကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များ၏ ရှာဖွေစစ်ဆေး ဖမ်းဆီးမှုများအတွင်း မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ (၈) ဦးကို ၎င်းတို့နှင့်အတူ ယာဘဆေးပြား (၂၀) ပြားနှင့် ဘိန်းဖြူ (၉ ဒသမ ၃၁) ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်နက်နှင့် ခဲယမ်းများ ကိုင်ဆောင်သူ (၂) ဦးကို ၎င်းတို့နှင့်အတူ လက်လုပ်လေသေနတ်၊ ၉မမ သေနတ်၊ ပွိုင့် ၂၂ အမျိုးအစား ခဲယမ်း (၁) တောင့်၊ ၉မမ အမျိုးအစား (၅) တောင့်၊ ပွိုင့် ၃၈ အမျိုးအစား ခဲယမ်း (၁) တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် မဲဆောက်မြို့တွင်း အထောက်အထားမဲ့ နေထိုင်သူ မြန်မာနိုင်ငံသား (၇၅) ဦးနှင့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ (၆) ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ မဲဆောက်လေဆိပ်အနီး၌ စစ်ဆေးရေးဂိတ်ချ ရှာဖွေစစ်ဆေးမှုများအတွင်း နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၈) ဦး၊ ပါကစ္စတန်နိုင်ငံသား (၅) ဦး၊ ဟောင်းကောင်နိုင်ငံသား (၁) ဦး၊ အိန္ဒိယနိုင်ငံသား (၁) ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁) ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်း၌ မဲဆောက်မြို့တွင်း စီမံချက်ဖြင့် ကနဦးဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၂၀၀) ဝန်းကျင်ထဲက အထောက်အထားရှိသူများကို ပြန်လွှတ်ပေးခဲ့ကြောင်းသိရပြီး အထောက်အထားမဲ့ (၇၅) ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားကြောင်း မဲဆောက်ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှုကိုခံရသူများအား ဥပဒေအရ အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပြီး လက်ရှိ၌ မဲဆောက်ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

By RNA Editor