ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် (၁၂) ဦးထက်မနည်း သေဆုံး

RNA_အောက်တိုဘာ(၁၇)၊၂၀၂၆ခုနှစ်။

မကွေးတိုင်း ရေစကြိုမြို့နယ်မြောက်ဘက် သစ်ကြီးတောရွာနှင့် အနီးဝန်းကျင်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် (၁၂) ဦး သေဆုံးခဲ့ကြောင်း ရေစကြိုသတင်းပြန်ကြားရေးကော်မတီက ဖော်ပြထားသည်။

အောက်တိုဘာ (၁၆) ရက် နေ့လည် (၂) နာရီဝန်းကျင်က သစ်ကြီးတောရွာနှင့် အနီးတဝိုက်ကို စစ်အုပ်စုက အသေခံဒရုန်းများအပါအဝင် ဂျက်ဖိုက်တာလေယာဉ် (၂) စီး၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် (၂) စီးတို့ဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကြောင့် သစ်ကြီးတောရွာအတွင်းရှိ စတားလင့် အင်တာနက်အသုံးပြုသည့် ဆိုင်အနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အနိးဝန်းကျင်ရှိ ကလေးများနှင့် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ (၁၂) ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ကြောင်း သိရသည်။

သစ်ကြီးတောရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အပျက်စီးများကို တွေ့ရစဉ် (Photo: U Pyay’s Facebook)

စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့သည့် ရေစကြိုမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁) ကလည်း အသေခံဒရုန်းများဖြင့် ရေစကြိုမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုများနှင့် စက်တပ်လေထီးများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှုများကြောင့် ကျေးရွာအတွင်း မပေါက်ကွဲသေးသည့် ဗုံးသီးများ ကျန်ရှိနေကြောင်း သိရပြီး ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

By RNA Editor