RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦးက ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြိး မိုက်ဝေါ့ဇ် (Mike Waltz) ထံ အောက်တိုဘာ (၁၄) ရက်က စာရေးသားပေးပို့ တိုက်တွန်းထားသည်။
ကုလသမဂ္ဂ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်နိုင်ရန် စစ်အုပ်စုက ကြိုးပမ်းလာမှုအား အသိအမှတ်မပြုရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦးက တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီက မြန်မာ့ကိုယ်စားလှယ် ခန့်အပ်မှုနှင့်ပတ်သက်၍ ရွှေ့ဆိုင်းထားမှုအား လက်ရှိအတိုင်း ဆက်လက်ထားရှိရန် တောင်းဆိုထားခြင်း ဖြစ်သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ ဆက်လက်ထားရှိရန် ပူးတွဲလက်မှတ်ရေးထိုး တောင်းဆိုခဲ့သူများသည် အမေရိကန်လွှတ်တော်၏ မြန်မာ့ရေးရာအဖွဲ့ (Congressional Burma Caucus)မှ ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် ဘီလ်ဟွိုင်ဇန်ဂါ (Bill Huizenga) နှင့် ဘက်တီမက်ကောလမ် (Betty McCollum) ၊ အောက်လွှတ်တော်အမတ်များဖြစ်သည့် ဂျက်ဖာဆန်ရှရိဗ် (Jefferson Shreve) ၊ ဂရိဂိုရီဒဗလျူမိခ်စ် (Gregory W.Meeks) ၊ ယန်းကင် (Young Kim) ၊ အေမီဘီရာ (Ami Bera) တို့ ဖြစ်ကြသည်။

စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲမှတဆင့် တရားဝင်မှုရရန် ကြိုးပမ်းနေပြီး ကုလသမဂ္ဂ၌ ဦးကျော်မိုးထွန်း၏နေရာကို စစ်အုပ်စု ကိုယ်စားလှယ်ဖြင့် အသိအမှတ်ပြု အစားထိုးခြင်း၊ နေရာပေးရန် ကြိုးပမ်းမှုမှန်သမျှကိုလည်း ကန့်ကွက်ကြရန် တိုက်တွန်းကြောင်း ၎င်းတို့က ပြောကြားထားသည်။
လက်ရှိ၌ မြန်မာစစ်အုပ်စုသည် အမေရိကန်ပြိုင်ဘက်နိုင်ငံဖြစ်သည့် တရုတ်နှင့် အီရန်နိုင်ငံတို့၏ သံတမန်ရေး အကာအကွယ်ရရှိရန်၊ စစ်ဘက်ဆိုင်ရာနှင့် စီးပွားရေးအထောက်အပံ့ရရှိရန် ၎င်းတို့အပေါ် မှီခိုနေရကြောင်း၊ မြန်မာပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် လိုအပ်သည့် လောင်စာဆီကို အီရန်နှင့် တရုတ်နိုင်ငံတို့ကို အားထားနေရကြောင်းလည်း ထောက်ပြပြောဆိုထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု၏ မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ယနေ့အထိ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အား ဆိုင်းငံ့ထားမှုအပေါ် ပြောင်းလဲလိုက်ပါက အမေရိကန်အကျိုးစီးပွားနှင့် ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာအတွက် ဆိုးရွားသည့် အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ကြောင်း လွှတ်တော်အမတ် (၆) ဦးက ပြောကြားထားသည်။
ကုလသမဂ္ဂ၏ အရည်အချင်းစိစစ်ရေးကော်မတီတွင် ဦးဆောင်ပါဝင်နေသည့် အမေရိကန်အနေဖြင့် ကော်မတီတွင် ပါဝင်နေသည့် အခြားအဖွဲ့ဝင်နိုင်ငံများမှ ကော်မတီဝင်များနှင့် စောစီးစွာ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး မြန်မာကိုယ်စားလှယ် ခန့်အပ်နိုင်ရေး တင်ပြချက်များအား ဆက်လက်ဆိုင်းငံ့ထားရန် တိုက်တွန်းကြောင်း ၎င်းတို့က ပြောကြားထားသည်။