RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု ရပ်တန့်ခဲ့ပြီး ဆွေးနွေးဖက်အချင်းချင်းကြား ယုံကြည်မှုတည်ဆောက်နိုင်ခြင်း မရှိတော့ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ယနေ့ (အောက်တိုဘာ ၁၅ ရက်) ထုတ်ပြန်ပြောကြားထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် လူကိုယ်တိုင် တက်ရောက်ခဲ့ခြင်း မရှိသည့် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့် (၁၁) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား၌ RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး NCA အပေါ် ပြည်သူလူထုက ယုံကြည်မှု ကျဆင်းနေကြောင်းလည်း ပြောကြားထားသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NCA အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ရပ်တန့်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည်လည်း အစုအဖွဲ့အနေဖြင့် စုပေါင်းဆွေးနွေး ဖော်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း၊ တစ်ဖွဲ့ချင်းအနေဖြင့်သာ ဆွေးနွေးညှိနှိုင်းနေရကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မရှိမဖြစ် လိုအပ်သည့် ယုံကြည်မှုများသည် ဆွေးနွေးဖက်အချင်းချင်းကြား တည်ဆောက်နိုင်ခြင်း မရှီတော့ကြောင်း RCSS က ပြောကြားထားသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ရန် စစ်အုပ်စုထပ်မံဖွဲ့စည်းခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့နှင့်ဖြစ်စေ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်းလည်း RCSS က ပြောကြားထားသည်။
NCA စာချုပ်ကို အပြည့်အဝအကောင်အထည်မဖော်နိုင်ခြင်းသည် သက်ဆိုင်သူအားလုံး၏ အားနည်းချက်ကြောင့်ဖြစ်ကြောင်း၊ အဖွဲ့အစည်းအဆင့်ဆင့်၌ နှစ်ဖက်သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်နိုင်ခြင်းများ မရှိခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးခဲ့သော်လည်း ငြိမ်းချမ်းရေးအသီးအပွင့် မခံစားရသည့် ဒေသခံပြည်သူလူထုများက NCA အပေါ် ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းလာကြောင်း RCSS က ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခြင်းကို စောင့်ကြည့်သည့် ပူးတွဲစောင့်ကြည့်ရေးကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းထားခဲ့သော်လည်း တိတိကျကျ မဆောင်ရွက်နိုင်ခဲ့ကြောင်း၊ NCA ဆွေးနွေးဖက်အချင်းချင်းကြား ယုံကြည်မှု မတည်ဆောက်မှုကြောင့် NCA အကောင်အထည်ဖော်မှု၌ နှောင့်နှေးကြန့်ကြာမှုနှင့် အထစ်အငေါ့များရှိခဲ့ကြောင်း၊ ၁၉၄၇ ပင်လုံသဘောတူညီချက် ကတိကဝတ်ကို လျစ်လျူရှုခဲ့ခြင်းကြောင့် တိုင်းရင်းသားခေါင်းဆော်ငများအကြား ယုံကြည်မှု ပျက်သုဉ်းခဲ့ရသည်ကို သတိချပ်သင့်ကြောင်း RCSS က ပြောကြားထားသည်။
လက်ရှိနိုင်ငံရေး အခင်းအကျင်းများအောက်၌ NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာ၌ သက်ဆိုင်သူအားလုံးအနေဖြင့် ငြိမ်းချမ်းရေးရရှီလိုသည့် နိုင်ငံရေးဆန္ဒ ရှီဖို့ လိုအပ်ကြောင်း၊ တိကျရှင်းလင်းသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ မူဝါ၊ ဖြေလျှော့မှုများ၊ တန်းတူရည်တူရှိခြင်း၊ အပြန်အလှန်လေးစားမှုများနှင့် အလွတ်သဘောဆွေးနွေးခြင်း စသည့် အချက်များဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောသည်။
NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်၌ ကျင်းပနေပြီး စစ်အုပ်စု NSPNC ကော်မတီမှ တာဝန်ရှိသူများနှင့် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေသည့် EAOs အဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအစုအဖွဲ့များ၊ စစ်အုပ်စုအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။