လူကုန်ကူးခံရပြီး ဖိအားပေးခိုင်းစေခံရသည့် မြန်မာကလေးငယ် (၇) ဦးကို ထိုင်းရဲတပ်ဖွဲ့ ကယ်ဆယ်

RNA_အောက်တိုဘာ(၁၃)၊၂၀၂၆ခုနှစ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သံသယရှိသည့် နေအိမ်တစ်လုံးကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လူကုန်ကူးခံရသည့် မြန်မာကလေးငယ် (၇) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန The Nation က ဖော်ပြထားသည်။

အရွယ်မရောက်သေးသည့် မြန်မာကလေးငယ်များအား လူကုန်ကူးခဲ့သည့် သံသယရှိသူ (၄) ဦးကိုလည်း ခရိုင်စီမံခန့်ခွဲရေးဌာန (DOPA) နှင့် အထူးရဲတပ်ဖွဲ့များက ဖမ်းဆီးထားပြီး မြန်မာကလေးငယ်များကို တရားမဝင်လမ်းကြောင်းမှတဆင့် ဘန်ကောက်သို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဘန်ကောက်နှင့် အနီးဝန်းကျင်မြို့များရှိ ကမ္ဘာလှည့်ခရီးသည် အများအပြားရှိရာနေရာများသို့ မြန်မာကလေးငယ်များကို အတင်းအဓမ္မစေလွှတ်ပြီး ပန်းရောင်းခိုင်းခြင်း၊ အစားအစာနှင့် သောက်သုံးရေများ ရောင်းခိုင်ခြင်းတို့ကို ညနေအစောပိုင်းမှစတင်ကာ နံနက် (၄) နာရီအထိ ဖိအားပေး ခိုင်းစေမှုများရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် ဘန်ကောက်မြို့ Saphan Sung ရပ်ကွက် Ramkhamhaeng လမ်းမရှိ နေအိမ်တစ်လုံး၌ ကလေးငယ်များ ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ခံရမှုနှင့် အဓမ္မပြုကျင့်ခံရမှုများရှိနေကြောင်း အနီးဝန်းကျင်ဒေသခံပြည်သူများက The Thai Mai Thon ပရဟိတအဖွဲ့အား တိုင်ကြားခဲ့မှုကြောင့် ပရဟိတအဖွဲ့က DOPA အဖွဲ့အား ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

DOPA ၏ စုံစမ်းမှုများအရ မြန်မာကလေးငယ်များသည် ဖိအားပေးခိုင်းစေခံရခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် ဘန်ကောက်သို့ တရားမဝင် ခေါ်ဆောင်လာခြင်းဖြစ်ကာ ဘန်ကောက်ရှိ နေအိမ်တစ်လုံး၌ ထားရှိသည်မှာ (၂) လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိသည့် သံသယရှိသူ (၄) ဦးထဲမှ (၂) ဦး၏ အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး Oranuch Piwi ဆိုသူသည် ရွှေ့ပြောင်းလုပ်သားများ ကိုင်ဆောင်သည့် ပန်းရောင်ကတ် ကိုင်ဆောင်ထားပြီး Ukrit ဆိုသူသည် သုညနံပါတ်နှင့် စသည့် မှတ်ပုံတင်ကို ကိုင်ဆောင်ထားကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

လူကုန်ကူးခံရသည့် မြန်မာကလေးငယ်များကို ထိုင်းအာဏာပိုင်များက Bang Chan ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ကိုယ်ခန္ဓာထိခိုက်မှုများကို ကုသဆောင်ရွက်နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် လုံခြုံရေးဝန်ကြီးဌာနမှ ပညာရှင်များက စောင့်ကြည့်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

By RNA Editor