ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိသည့် အွန်လိုင်းငွေလိမ်သူများထဲတွင် မြန်မာ (၁) ဦးပါဝင်နေ၊ ပိုင်ဆိုင်မှု ဘတ်သန်း (၅၀၀) ကျော် သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၁၃)၊၂၀၂၆ခုနှစ်။

ထိုင်းနိုင်ငံ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး (ACSC) နှင့် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) တို့၏ ယနေ့ (အောက်တိုဘာ ၁၃ ရက်) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသား (၁) ဦးအပါအဝင် အွန်လိုင်းငွေကြေးလိမ်လည်သူ (၃၉) ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များက ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ဆမွတ်ပရာကန်၊ ဆာရာဘူရီ၊ ဆင်ဘူရီ၊ နာခွန်ပတ်ဟွန်၊ ချွန်ဘူရီ၊ ကလာဆင်၊ နာရာထီဝတ်နှင့် ရနောင်းတို့ရှိ နေရာ (၂၇) ခုကို ဝင်ရောက်စီးနင်းချိန် အွန်လိုင်းငွေကြေးလိမ်လည်သူများကို ဘတ်သန်း (၅၀၀) ကျော်တန်ဖိုးရှီ ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိသူများထဲတွင် ထိုင်းနိုင်ငံသား (၃၀)ဦး၊ တရုတ်နိုင်ငံသား (၈) ဦးနှင့် မြန်မာ (၁) ဦးတို့ပါဝင်ပြီး ၎င်းတို့သည် ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အတုအယောင် ရင်းနှီးမြှုပ်နှံမှုနှင့် စတော့ရှယ်ယာရောင်းဝယ်ခြင်းများနှင့် လိမ်လည်မှုတွင် အသုံးပြုသည့် App များကို အသုံးပြုခဲ့ကြောင်း သိရသည်။

Photo: The Nation

ထိုင်းအာဏာပိုင်များ သိမ်းဆည်းရမိမှုစာရင်းများထဲတွင် ဘတ်သန်း (၃၃၀) ကျော်တန်ဖိုးရှိ တန်ဖိုးမြင့် ဇိမ်ခံပစ္စည်းများနှင့် အိမ်ရာ (၈) ခု၊ ဘတ်သန်း (၉၀) ကျော်တန်ဖိုးရှိ ရာမ (၉) ဒေသအတွင်းမှ မြေယာပိုင်ဆိုင်မှုနှင့် ကွန်ဒိုများ၊ Krungthep Kreetha ဒေသအတွင်းရှိ ဘတ်သန်း (၆၀) ကျော် တန်ဖိုးရှိ ဇိမ်ခံအိမ်ရာများ၊ အခြားတန်ဖိုးမြင့် ဇိမ်ခံကား (၁၀)၊ လက်ဝတ်ရတနာများ၊ တန်ဖိုးမြင့် လက်ပတ်နာရီများနှင့် အခြားတန်ဖိုးမြင့် ပစ္စည်းများ၊ ထိုင်းဘတ်ငွေနှင့် အခြားနိုင်ငံငွေ စုစုပေါင်း ဘတ်သန်း (၄ ဒသမ ၂) သန်းနှင့် Crypto ငွေကြေးများကိုလည်း သိမ်းဆည်းရရှိကြောင်း သိရသည်။

ထို့ပြင် အွန်လိုင်းငွေကြေးလိမ်လည်မှု တစ်ခုတည်း၌ နစ်နာသူများသည် ဘတ် (၂၆ ဒသမ ၅) သန်း ဆုံးရှုံးခဲ့ပြီး နစ်နာသူ အသင်းအဖွဲ့ပေါင်း (၁၃) ခု၏ ဘဏ်စာရင်းများကို စစ်ဆေးချက်အရ ဘတ် (၁၇၃) သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးရမိထားသည့် အွန်လိုင်းငွေကြေးလိမ်လည်သူ (၃၉) ဦးကို ထိုင်းဗဟိုတရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားပြီး ၎င်းတို့ကို အများပြည်သူအား ပူးပေါင်းလိမ်လည်မှု၊ အယောင်ဆောင်မှု၊ ကွန်ပျူတာစနစ်များအတွင်း အတုအယောင်အချက်အလက်များ ထည့်သွင်းမှုနှင့် ငွေကြေးခဝါချမှုတို့ဖြင့် အမှုဖွင့်အရေးယူမှု ဆက်လက်လုပ်ဆောင်သွားရန် ရှိနေကြောင်း သိရသည်။

By RNA Editor