RNA_အောက်တိုဘာ(၁၃)၊၂၀၂၆ခုနှစ်။
တော်လှန်ရေးတပ်ဖွဲ့များမှ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ဘက်ပြောင်းအလင်းဝင်လာသူ စုစုပေါင် (၁၀) လအတွင်း (၁၆၇၃) ဦးအထိရှိခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် (၃၄၀) ဦးပါဝင်ကြောင်း ပြည်သူ့ရင်ခွင်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ပထမပတ်အထိ တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း (၁၁၉၃) ဦးအထိရှိခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးလာသူ (၄၈၀) ဦးအထိရှိကြောင်း သိရသည်။
၎င်းတို့အထဲတွင် စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင်များလည်း ပါဝင်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း လအလိုက် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအရေအတွက်သည် ဇွန်လအတွင်းက (၄၂၃) ဦးအထိ အများဆုံးရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းကလည်း ကချင်ပြည်နယ် ရွှေကူမြို့နယ် စင်ခန်းတံတားအနီး၌ စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၉၀) ကျော် လက်နက်ချအညံ့ခံခဲ့ချိန် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ စစ်မှုတပ်သားသစ်များကိုလည်း ဖမ်းဆီးရမိများရှိခဲ့သည်။
ထို့ပြင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌လည်း စစ်မှုထမ်းတပ်သားသစ် အများစုပါဝင်သည့် ဖမ်းဆီးရမိထားသော စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆)၊ တပ်ရင်း(၂၈) မှ ဒုတိယဗိုလ်မှူးကြီး စောဒါဘောက တွေ့ဆုံမှုများ ရှိခဲ့သည်။
စစ်အုပ်စုက စစ်မှုထမ်းတပ်သားသစ် စုဆောင်းမှုများအတွက် အဓမ္မဖမ်းဆီးမှုများကို ဆက်လက်လုပ်ဆောင်နေပြီး ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ရန်ကုန်တိုင်း၌ မတရားဖမ်းဆီးခံရသူ (၇၃၂) ဦးအထိရှိပြီး (၁၃၅) ဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း Rangoon Scout Network မှ ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
စစ်အုပ်စုက စစ်မှုတပ်သားသစ် စုဆောင်းမှုများကို စစ်မှုထမ်းအပတ်စဉ် (၂၉) အထိ ခေါ်ယူထားပြီး ပြီးခဲ့သည့် စက်တင်ဘာ (၁၉) ရက်က အပတ်စဉ် (၂၆) အထိ စစ်သင်တန်းဆင်းခဲ့ခြင်းကြောင့် စစ်မှုထမ်းတပ်သားသစ် သင်တန်းဆင်းအရေအတွက်သည် (၁၃၀၀၀၀) ဝန်းကျင်အထိရှိနေပြီ ဖြစ်သည်။
စစ်အုပ်စုက စစ်မှုထမ်းတပ်သားသစ် စုဆောင်းမှုများအတွက် အဓမ္မဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး အလုပ်မှ ပြန်လာသည့် လူငယ်များအပြင် စိတ်ကျန်းမာရေးချို့ယွင်းနေသူများကိုပါ စစ်မှုထမ်းတပ်သားသစ်အတွက် ဖမ်းဆီးခေါ်ဆောင်မှုများလည်း ရှိနေသည်။