RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မိုင်းတွေးရွာရှိ ပျူစောထီးဂိတ်စခန်းကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (အောက်တိုဘာ ၉ ရက်) ထုတ်ပြန်ထားသည်။
မိုင်းတွေးရွာရှိ စစ်အုပ်စုလက်အောက်ခံ ပျူစောထီခေါင်းဆောင်နှင့်အဖွဲ့သည် ဒေသခံပြည်သူများ၏ လှေများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းနှင့် စားနပ်ရိက္ခာများကို အဓမ္မယူဆောင်ခြင်းများ လုပ်ဆောင်နေခြင်းတို့ကြောင့် မြိတ်ခရိုင် PDF နှင့် ပကဖတို့က အောက်တိုဘာ (၈) ရက် နံနက် (၅) နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းတွေးရွာ တံတားဦးတွင် အခိုင်အမာတပ်စွဲထားသည့် ပျူစောထီးကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ချိန် ပျူစောထီးအဖွဲ့ဘက်မှလည်း ပြန်လည်ပစ်ခတ်ခြင်းများကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ်အနည်းငယ် ကြာမြင့်ခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြိတ်ခရိုင် PDF အမှတ် (၃) တပ်ရင်းနှင့် ကျွန်းစုမြို့နယ် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး နှစ်ဖက်ပစ်ခတ်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်းလည်း သိရသည်။