RNA_အောက်တိုဘာ(၈)၊၂၀၂၆ခုနှစ်။
မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းအား အသိအမှတ်ပြုခြင်းဟု မယူဆသင့်ကြောင်းနှင့် ၎င်း၏ အကြမ်းဖက်လုပ်ရပ်များအား ထောက်ခံခြင်းမဟုတ်ကြောင်း မလေးရှားအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရေးအတွင်းရေးမှူး မူဟာမက်ကာမေးလ်အဗ္ဗဒူမူနင်က ပြောကြားခဲ့ကြောင်း မလေးရှားသတင်းဌာန Bernamma က ဖော်ပြထားသည်။
မလေးရှားအစိုးရအနေဖြင့် ဆယ်စုနှစ်တစ်ခုကာလအတွင်း မြန်မာထိပ်တန်း တာဝန်ရှိသူတစ်ဦးကို မလေးရှားသို့ ဖိတ်ခေါ်ခဲ့ခြင်းသည် ပြဿနာရပ်များကို ဖြေရှင်းရန် သံတမန်နည်းလမ်းအရ ထိတွေ့ဆက်ဆံခြင်းနှင့် ဆွေးနွေးခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။
“မြန်မာ(စစ်အုပ်စု)ထိပ်ပိုင်းတာဝန်ရှိသူနဲ့ တွေ့ဆုံတာဟာ သူတို့ကို အသိအမှတ်ပြုတာလို့ မယူသင့်ပါဘူး။ မြန်မာပြည်သူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို လျစ်လျူရှုလို့ မရပါဘူး”ဟု ကာမေးလ်မူနင်က ၎င်း၏ လူမှုကွန်ရက် Facebook ၌ ရေးသားဖော်ပြထားသည်။
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား မလေးရှားသို့ ဖိတ်ခေါ်မှုအပေါ် လွှတ်တော်အမတ်ဟောင်းများနှင့် လူ့အခွင့်အရေးအဖွဲ့များကပါ ဝေဖန်မှုများရှိလာချိန် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အစိုးရအဖွဲ့၏ နိုင်ငံရေးအတွင်းရေးမှူး တာဝန်ရှိသူက တုံ့ပြန်ပြောဆိုလာခြင်းဖြစ်သည်။
မလေးရှားရှိ ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရေး ဆွေးနွေးရန်အတွက်ဟုဆိုကာ မလေးရှားဝန်ကြီးချုပ်က စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့ခြင်းကြောင့် စစ်အုပ်စုခေါင်းဆောင်သည် အောက်တိုဘာ (၇) နှင့် (၈) ရက်တို့၌ (၂) ရက် ခရီးစဉ် ရောက်ရှိနေခြင်းဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ကော်ဇောနီခင်း ကြိုဆိုမှုနှင့်ပတ်သက်၍ ယင်းအခြေအနေသည် သံတမန်ရေး လုပ်ထုံးလုပ်နည်းတစ်ခုသာဖြစ်ကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား မလေးရှားမှ ကော်ဇောနီခင်း ကြိုဆိုခြင်းသည် အမေရိကန်၏ အီရတ်နှင့် အာဖဂန်နစ္စတန်စစ်ပွဲများအပေါ် ထောက်ခံတာမျိုးကြောင်း ၎င်းက ဥပမာပေးပြောဆိုထားသည်။
သက်ဆိုင်ရာပါတီအစုအဖွဲ့များအားလုံးပါဝင်မည့် စားပွဲဝိုင်းဆွေးနွေးပွဲကို မလေးရှားအနေဖြင့် လက်ခံကြောင်းနှင့် စေ့စပ်ဆွေးနွေးရေးအတွက် အားလုံးနှင့် ထိတွေ့ဆက်ဆံရန် လမ်းကြောင်းများ ဖွင့်ထားကြောင်း၊ ယင်းသို့မဟုတ်ပါက ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ကာမေးလ်ကူနင်က ပြောကြားထားသည်။