RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။
မလေးရှားနိုင်ငံတွင်းရှိ ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်ပို့မှုများသည် ပုံမှန်လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံ (၁၀၀၀၀) ကျော်ကို နေရပ်ပြန်ပို့ခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေချိန် မြန်မာနိုင်ငံသားများအား နေရပ်ပြန်ပို့မှုအပေါ် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်မှုများရှိနေချိန် မလေးရှားဝန်ကြီးချုပ်က ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ ပြုစုထားသည့် အချက်အလက်များအရ မလေးရှားနိုင်ငံတွင်း၌ မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း (၁၉၃၀၀၀) ရှိနေကြောင်း၊ ၎င်းတို့အား ကာလရှည် ထိန်းသိမ်းထားရမှုသည် လုံခြုံရေးအကျပ်အတည်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့ (အောက်တိုဘာ ၆ ရက်) ၌ မလေးရှားဝန်ကြီးချုပ်က လွှတ်တော်၌ ပြောကြားချိန် မြန်မာနိုင်ငံသား (၁၄၇၆) ဦးအား နေရပ်ပြန်ပို့ရေးလုပ်ဆောင်မှုသည် မြန်မာတာဝန်ရှိသူများနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
နေရပ်ပြန်ပို့ခံရသူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များနှင့် ဥပဒေရေးရာအဖွဲ့အချို့၏ ထောက်ပြဝေဖန်မှုများအပေါ် ၎င်းအနေဖြင့် သိရှိထားပြီးဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး နေရပ်ပြန်ပို့ခံရသူများ၏ ဘေးကင်းလုံခြုံရေးကို မြန်မာတာဝန်ရှိသူများ၏ အာမခံသည်ဟု ပြောဆိုမှုများရှိခဲ့ကြောင်း အန်ဝါအီဘရာဟင်က လွှတ်တော်၌ ရှင်းလင်းပြောကြားခဲ့သည်။
မလေးရှားထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားများအား မြန်မာတာဝန်ရှိသူများမှ မဖြစ်မနေ ပြန်လည်ခေါ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထိန်းသိမ်းရေးစခန်းများ၌ ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရေးနှင့်ပတ်သက်၍ မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ယခုလအတွင်း ကွာလာလမ်ပူတွင် ဆွေးနွေးရန် ရှိနေကြောင်း အန်ဝါအီဘရာဟင်က ပြောသည်။