RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးဗုံးကြဲတိုက်ခိုက်ခံရမှုအပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အခြားမြို့နယ် (၅) မြို့နယ်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံးခဲ့ကြောင်း AA သတင်းပြန်ကြားရေးက ယနေ့ (အောက်တိုဘာ ၂ ရက်) ထုတ်ပြန်ထားသည်။
စက်တင်ဘာ (၂၈) ရက်က အရပ်သားပြည်သူ (၅၀) ဦး သေဆုံးခဲ့ပြီး (၅၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောက်တော်ဖြစ်စဉ်အပြီး စက်တင်ဘာ (၃၀) ရက်မှစတင်ကာ အောက်တိုဘာ (၁) ရက်နေ့အထိ စစ်အုပ်စုက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနေ (ပေါက်တော)၊ ကျောက်တော်နှင့် သံတွဲမြို့ရှိ အရပ်သားပြည်သူများရှိရာကို ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကျောက်တော် အိန္ဒိယဈေးဗုံးကြဲခံရမှုအတွင်း ကိုယ်ဝန် (၉)လအရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများဖြင့် မသေဆုံးမီ ကလေးမွေးဖွားခဲ့သော်လည်း မွေးကင်းစ ကလေးငယ်သည် မီးလောင်မှုအတွင်း သေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူ (၅၇) ဦးထဲမှာ (၂၁) ဦးသည် ပြင်းထန်ဒဏ်ရာရရှိထားပြီး ဆေးကုသခံနေရဆဲ ဖြစ်သည်။
ယင်းဖြစ်စဉ်နောက်ပိုင်း စက်တင်ဘာ (၃၀) ရက် ည (၉) နာရီဝန်းကျင်၌ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်ဆိပ်ရွာကြားရှိ စစ်ဘေးရှောင်နေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အသက် (၄) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ည (၁၀) နာရီခွဲဝန်းကျင်၌ ရသေ့တောင်မြို့နယ် ကူတောင်ရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၅၂) နှစ်အရွယ် အမျိုးသား (၁) ဦး နေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏ အမျိုးသမီးဖြစ်သူလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ည (၁၂) နာရီဝန်းကျင်၌ ဝိရဌာနေ (ပေါက်တော) မြို့နှင့် ဒါးကိုင်း-ကြိမ်ခွေမော်ရွာတောင်ကြားလမ်းကို စစ်အုပ်စုက ဗုံးအလုံးရေ (၃၀) နီးပါး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂) ဦးမှာ ဒဏ်ရာပြင်းထန်ကာ နေအိမ်အဆောက်အအုံအချို့နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။
အောက်တိုဘာ (၁) ရက် နေ့လည် (၁၂) နာရီခွဲဝန်းကျင်ကလည်း ကျောက်တော်မြို့ သစ်တစ်ပုံဆည်အနီးနှင့် သကြားစက်ရွာရှိ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ် (၇) စီးဖြင့် ဗုံးအလုံးရေ (၄၀) ကြဲချတိုက်ခိုက်ခဲ့မျုကြောင့် ဘုန်းကြီးကျောင်း လုံးဝပျက်စီးသွားခဲ့ပြီး ကျောင်းထိုင်ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းနေ့ နေ့လည် (၂) နာရီဝန်းကျင်၌ သံတွဲမြို့ အမှတ် (၆) ရပ်ကွက် ဗောဓိကုန်းဈေးအနီးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ (အောက်တိုဘာ ၂ ရက်) နံနက်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိကာ ကားစက်ပြင်ရုံတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်အုပ်စု၏ ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တာဝန်ယူခဲ့သည့် (၅) လကျော်ကာလအတွင်း နိုင်ငံတစ်ဝန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၇) ကြိမ်ထက်မနည်းရှိခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း အရပ်သားပြည်သူ (၁၇၃) ဦး သေဆုံးခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားသည်။
စစ်အပ်စု ကာချုပ်သစ် ရဲဝင်းဦးလက်ထက်၌ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၁၅၈၃) ကြိမ်အထိရှိခဲ့ပြီး မကွေးတိုင်း၌ (၃၂၂) ကြိမ်၊ ချင်းပြည်နယ်၌ (၃၀၁) ကြိမ်၊ စစ်ကိုင်းတိုင်း၌ (၂၄၂) ကြိမ်၊ ရခိုင်ပြည်နယ်၌ (၂၂၂) ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။