ရသေ့တောင် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၂) ဦး သေဆုံး

RNA_အောက်တိုဘာ(၄)၊၂၀၂၆ခုနှစ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာ (၃) ခုကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၂) ဦး နေရာတွင် သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ (၃) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ရသေ့တောင်မြိ့းပေါ်ရပ်ကွက်များအပါအဝင် ပြားချောင်းကြီးရွာ၊ ပြင်ခါင်ရွာနှင့် အငူမော်ရွာတို့ကို စစ်အုပ်စုက အောက်တိုဘာ (၃) ရက် နံနက်အစောပိုင်း (၁) နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု မိနစ် (၃၀) နီးပါးကြာ လုပ်ဆောင်ခဲ့ပြီး ဗုံးအလုံးရေ (၂၀) ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း တောင်ရင်းတန်းရပ်ကွက်မှ (၉) တန်းကျောင်းသူ အသက် (၁၅) နှစ်အရွယ် မိန်းကလေး (၁) ဦးနှင့် ပြားချောင်းကြီးရွာမှာ အသက် (၇၀) အရွယ် အမျိုးသား (၁) ဦးတို့ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တောင်ရင်းတန်းရပ်ကွက်၊ ပြားချောင်းကြီးရွာ၊ ပြင်ခေါင်ရွာနှင့် အငူမော်ရွာတို့မှ အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ (၃) ဦးရှိနေကြောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ နေအိမ်အဆောက်အအုံအချို့နှင့် လယ်ယာအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်အုပ်စုက AA ထိန်းချုပ်ဒေသများအား မြေပြင်အရှိန်မြှင့်ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှလည်း နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ကျောက်တော်ဖြစ်စဉ်အပါအဝင် စစ်အုပ်စုဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ရခိုင်ပြည်သူ (၅၃) ဦး သေဆုံးခဲ့ပြီး (၈၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ AA ထိန်းချုပ်ဒေသ မြို့နယ်များကို တပြိုင်တည်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

By RNA Editor