🔴 [UPDATE] NUG အထူးတိုင်း စစ်ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရပြီး (၆) ဦး ကျဆုံး ၊ Red News

Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ NUG အထူးတိုင်းစစ်ဌာနချုပ် ဝေဟင်မှ အင်အားသုံးခံရပြီး လေတပ် CDM တပ်ကြပ်ကြီးနေဝင်းအောင်အပါအဝင် (၆) ယောက် အသက်ပေးလှူသွားရတယ်ဆိုတဲ့သတင်း၊ ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်း ဝေဟင်မှ အင်အားသုံးခံရမှုအတွင်း ခရီးသွားပြည်သူ (၅) ဦး အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်း၊ ကောလင်းကို စစ်အုပ်စုက ဝေဟင်မှ အင်အားသုံးမှုကြောင့် ဒေသခံ (၂) ဦး အသက်ဆုံးရှုံးပြီး (၈) ဦး ထိခိုက်ခဲ့တယ်ဆိုတဲ့သတင်း၊ လူမှုကွန်ရက်၌ ဝေဖန်ရေးသားမှုကြောင့် စစ်အုပ်စု ထိန်းသိမ်းထားသူ (၂၀၀၀) ကျော်ရှိလာပြီဆိုတဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ ပြည်တွင်းပြည်ပ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။

🔴 ယနေ့သတင်းများ အနှစ်ချုပ် –

📌 NUG အထူးတိုင်းစစ်ဌာနချုပ် လေကြောင်း တိုက်ခိုက်ခံရ

NUG တပ်မဟာ (၃) နယ်မြေအတွင်းရှိ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အထူးတိုင်းစစ်ဌာနချုပ်ကို စက်တင်ဘာ (၂၄) ရက် နံနက်ပိုင်းက စစ်အုပ်စုမှ ဝေဟင်မှ အင်အားသုံး (၆) ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း လေတပ် CDM တပ်ကြပ်ကြီး နေဝင်းအောင် အပါအဝင် (၆) ဦးခန့် အသက်ပေးလှူခဲ့ရပြီး၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားနှင့် CDM ဗိုလ်မှူး တင်လင်းအောင်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ တည်နေရာ တိတိကျကျ ပေးပို့ခံရမှုကြောင့် ယခုကဲ့သို့ ပစ်မှတ်ထားခံရခြင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

📌 ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်း ပစ်မှတ်ထားခံရ၍ ခရီးသွား ၅ ဦး အသက်ဆုံးရှုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ နောင်မိုးရွာနှင့် စက်တောကုန်းရွာကြားရှိ ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်းကို စက်တင်ဘာ (၂၃) ရက်က စစ်အုပ်စုက အကြိမ်ရေ (၄၀) နီးပါး ဝေဟင်မှ အင်အားသုံး တိုက်ခိုက်ခဲ့သည်။ မြေကျွံ၍ ယာဉ်ကြောပိတ်ဆို့နေချိန် စစ်ရေးပစ်မှတ်မဟုတ်သော ခရီးသွားပြည်သူများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ကုန်သည်နှင့် ခရီးသွားပြည်သူ (၅) ဦး အသက်ဆုံးရှုံးကာ (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အင်းတော် ပကဖ က ထုတ်ပြန်သည်။

📌 ကောလင်းကို ဝေဟင်မှ အင်အားသုံးမှုကြောင့် ဒေသခံ ၂ ဦး အသက်ဆုံးရှုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုကုန်းရွာကို စက်တင်ဘာ (၂၄) ရက် ညနေပိုင်းတွင် စစ်အုပ်စုက ဝေဟင်မှ (၂) ကြိမ်တိုင် အင်အားသုံး တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ပစ်မှတ်ထားကာ အကြီးစား အရာဝတ္ထုများ၊ အဝေးပစ်ကိရိယာများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ (၂) ဦး အသက်ဆုံးရှုံးပြီး (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် (၅) လုံး ပျက်စီးခဲ့ရသည်။

📌 လူမှုကွန်ရက် ဝေဖန်ရေးသားမှုများကြောင့် ထိန်းသိမ်းခံရသူ ၂၀၀၀ ကျော်ရှိလာ

စစ်တပ်အာဏာသိမ်း (၅) နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ဝေဖန်ရေးသားမှုနှင့် တော်လှန်ရေးအဖွဲ့များကို ထောက်ခံမှုတို့ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း (၂၀၂၉) ဦး ရှိလာပြီဖြစ်ကြောင်း Data for Myanmar က ထုတ်ပြန်သည်။ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းတို့မှ အများဆုံးဖြစ်ပြီး Facebook အသုံးပြုသူ ဖမ်းဆီးခံရမှု အများဆုံးဖြစ်သည်။

📌 AGT ချန်ပီယံ ထိုင်းဆယ်ကျော်သက် နေနေးကို ထိုင်းဝန်ကြီးချုပ် ဂုဏ်ပြု အမေရိကန်နိုင်ငံတွင် ကျင်းပသည့် American Got Talent (AGT) 2026 ပြိုင်ပွဲ၌ ချန်ပီယံဆု ရရှိခဲ့သည့် အသက် (၁၆) နှစ်အရွယ် ထိုင်းဆယ်ကျော်သက် နေနေး (Nene) ကို ထိုင်းဝန်ကြီးချုပ် အနုထင်က အထူးဂုဏ်ပြုစကား ပြောကြားခဲ့သည်။ သူမသည် AGT သမိုင်းတစ်လျှောက် အရှေ့တောင်အာရှမှ ပထမဆုံး ချန်ပီယံဖြစ်လာသူဖြစ်ပြီး ဆုကြေးငွေ ကန်ဒေါ်လာ (၁) သန်း ရရှိမည်ဖြစ်သည်။

လွတ်လပ်တဲ့ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ ပြည်သူတွေ သိသင့် သိထိုက်တဲ့ ဆောင်းပါးတွေ၊ ဝေဖန်သုံးသပ်ချက်တွေကိုလည်း ဆက်လက်တင်ဆက်ပေးနေမှာ ဖြစ်ပါတယ်ရှင်။ ကြည့်ရှု နားဆင် ပေးကြတဲ့ ပရိတ်သတ်များ အားလုံးနဲ့ ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားများအားလုံး ဘေးအန္တရာယ်အပေါင်းကနေ လွတ်မြောက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ််။

#RedNewsAgency #RedNews #RNA

By Editor