RNA_စက်တင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂုံညင်းဆိပ်တိုက်နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ မြတ်စိုးသည် သေနတ် (၁၀) လက်နှင့် ပကဖအဖွဲ့၏ ရန်ပုံငွေများကိုယူဆောင်ကာ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အတည်ပြုပြောသည်။
တိုက်နယ် ပကဖတာဝန်ံခံဖြစ်သူ မြတ်စိုးသည် စက်တင်ဘာ (၁၃) ရက် နံနက်ပိုင်းက စစ်အုပ်စုနှင့် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရပြီး တိုက်နယ်ပကဖအဖွဲ့၏ ရန်ပုံငွေများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။
တိုက်နယ်ပကဖ စစ်အုပ်စုထံ ဘက်ပြောင်းသွားပြီးနောက် ဂုံညင်းဆိပ်ကျေးရွာတဝိုက်၌ စစ်အုပ်စု၏ ဒရုန်းများ ကင်းထောက်ပျံသန်းမှုရှိနေကြောင်းသိရပြီး တိုက်နယ် ပကဖအဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးအဖွဲ့မှ ရဲဘော်များသည် လုံခြုံရေးအရ နေရာရွှေ့ပြောင်းရမှုများရှိနေကြောင်း သိရသည်။
ပကဖတာဝန်ခံ မြတ်စိုး စစ်အုပ်စုထံ မဝင်ရောက်မီ ရက်ပိုင်းအလို၌ ၎င်း၏ ဇနီးဖြစ်သူသည် စစ်အုပ်စုထံ ဘက်ပြောင်းခိုလှုံသွားကြောင်း ဒေသတွင်း သတင်းများ၌ ဖော်ပြထားသော်လည်း ယင်းအခြေအနေနှင့်ပတ်သက်၍ Red News Agency မှ သီးခြားအတည်မပြုနိုင်သေးပေ။
စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်သွားသည် ပကဖတာဝန်ခံ မြတ်စိုးသည် ငွေကြေးနှင့် အာဏာအလွဲသုံးမှုများရှိနေပြီး ဒေသတွင်း လုပ်ငန်းဆောင်ရွက်မှုများသည် သံသယဖြစ်ရာ အခြေအနေများကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုင်ကြားခဲ့သော်လည်း အရေးယူမှုရန် နှောင့်နှေးမှုများရှိခဲ့ကြောင်း မြင်းခြံမြို့နယ် တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။