AA ထိန်းချုပ်ဒေသများကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်နေခြင်းကြောင့် နေ့စဉ်နီးပါး အရပ်သားသေဆုံးမှုများရှိနေ

RNA_စက်တင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။

ရခိုင်ပြည်နယ် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့်ဒေသများကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေခြင်းကြောင့် နေ့စဉ်နီးပါး အရပ်သား ထိခိုက်သေဆုံးမှုများရှိနေကြောင်း AA တပ်တော်က ယနေ့ (စက်တင်ဘာ ၁၄ ရက်) သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာ (၁၃) ရက်၊ နေ့လည် (၁) နာရီဝန်းကျင်က ပုဏ္ဏားကျွန်းမြို့နယ် သမိုင်းဝင် ဦးရာဇ်တော်ဘုရားရှိရာ တောင်ခြေရင်း၊ ကြိုးတံတားအနီး ဝန်းကျင်ကို စစ်အုပ်စုက ဂျက်ဖိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် စေတီရင်းကျေးရွာတွင် နေထိုင်သည့် အသက် (၃၈)နှစ်အရွယ် အမျိုးသမီး (၁) ဦးနှင့် ရသေ့တောင်မြို့နယ်မှ ပုဏ္ဏားကျွန်းမြို့နယ်သို့ ရောက်ရှိနေသည့် အသက် (၅၆)နှစ်အရွယ် အမျိုးသား (၁) ဦးတို့ သေဆုံးခဲ့ကာ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ (၁၁) ရက် ညဉ့်နက်ပိုင်း ၁၂ နာရီခွဲဝန်းကျင်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာဘုန်းကြီးကျောင်းကို စစ်အုပ်စုက အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီး (၂) ဦး ဗုံးစထိမှန်ကာ (၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုလဆန်းပိုင်း စက်တင်ဘာ (၄) ရက် ညပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဂူဝဘုရားကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဘုရားဆင်းတုတော်နှင့် ရဟန္တာရုပ်ပွားတော်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ပြီး စက်တင်ဘာ (၁၀) ရက်၊ (၁၁) ရက်နှင့် (၁၂) ရက်နေ့တို့ကလည်း တောင်ကုတ်၊ ဂွနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့တို့ကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား (၂) ဦး သေဆုံးခဲ့ပြီး အမျိုးသမီး (၁) ဦးနှင့် အခြားအမျိုးသား (၁) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်အုပ်စုက AA ထိန်းချုပ်ဒေသများမှ အရပ်သားပြည်သူများကို ပစ်မှတ်ထာကာ လေကြောင်းတိုက်ခိုက်မှု၊ ရေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးသတိပြုနေထိုင်ကြရန်ကိုလည်း AA တပ်တော်က အသိပေးထုတ်ပြန်ထားသည်။

Red News Agency, Red News

By Editor