RNA_မတ်(၁၁)၊၂၀၂၆ခုနှစ်။
အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်းအကျဉ်းစခန်းအား အာဏာသိမ်းစစ်တပ်မှ မတ်လ (၈) ရက်နေ့ နံနက် (၁၁) နာရီ ဝန်းကျင်နှင့် နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရရှိကာ အရပ်သားသုံ့ပန်းအချို့လည်း သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့၊ နံနက် (၁၁) နာရီ (၂) မိနစ်မှ မွန်းလွဲ (၂) နာရီ (၂၈) မိနစ် အချိန်အထိ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ (၄) စီး နှင့် Y-12 (၄) စီးတို့ဖြင့် အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအား သုံးနာရီခွဲခန့်ကြာမြင့်သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမျိုးကို မရပ်မနား ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု AA ကထုတ်ပြန်လိုက်သည်။

လေကြောင်းဗုံးကြဲခံရမှုအတွင်း လတ်တလောစာရင်းအရ စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာရရှိသူများ မြောက်မြားစွာရှိနေပြီး၊ အရပ်သားများထဲမှ ပြစ်ဒဏ်ကျခံရသူအချို့လည်း ဤဖြစ်စဉ်အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးသွားသည့် စစ်သုံ့ပန်းများထဲတွင် စစ်သုံ့ပန်း (စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ) အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီးသေဆုံးခဲ့ကြကြောင်း၊ စစ်သုံ့ပန်းအလောင်းအချို့မှာ မည်သူမည်ဝါမှန်း စစ်ဆေးရန်ခက်ခဲခြင်း၊ ခန္ဓာအစများ တစ်စမှ မရရှိသော ပျောက်ဆုံးအလောင်းများလည်း ရှိနေသေးသောကြောင့် အသေးစိတ် အချက်အလက်များကို စစ်ဆေးပြီးသည့်အချိန်တွင် ဆက်လက်တင်ပြပေးသွားပါမည်ဟု AA ကပြောထားသည်။
#RedNewsAgency #RedNews #RNA #AA
