RNA_မတ်(၁၁)၊၂၀၂၆ခုနှစ်။
NUG/MOD ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲမေ (၁) ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး လက်ရှိတွင် သက်ဆိုင်ရာတပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့အား ထိန်းသိမ်းထားရှိပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်ဟု ယနေ့ MOD ကထုတ်ပြန်လိုက်သည်။
အမှုမှန်ပေါ်ပေါက်ရေး အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပူးပေါင်းပါဝင်ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းပေါ်တွင်ပျံ့နှံခဲ့သည့် အမှုဖြစ်သော်လည်း ယင်းမတိုင်ခင်ကပင် ဖြစ်စဥ်နှင့် ပတ်သက်၍ လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ NUG/MOD? ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
နစ်နာသူ(တိုင်တန်းသူ)နှင့် ကျူးလွန်သူဟု သံသယရှိသူ (တိုင်တန်းခံရသူ)များသည် စစ်ဘက်ဆိုင်ရာ ဥပဒေများကို လိုက်နာရသူများဖြစ်ကြ၍ စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးထိန်းသိမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း၊ နစ်နာသူနှင့် သက်သေများအနေဖြင့် ပူးပေါင်းပါဝင်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး၊ နစ်နာသူနှင့်သက်သေများ ဘေးကင်းလုံခြုံရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းမာပင် အမှတ် (၂၀) တပ်ရင်း တပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော် မသဇင်သည် တပ်ရင်း၏ ခွင့်ပြုချက်မရှိဘဲ ကျေးရွာအတွင်း အလှူခံခဲ့သည့်အတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ တပ်ရင်းကဖမ်းဆီးပြီး ယင်းမာပင်ခရိုင် ပလဖရုံးအချုပ်ခန်းအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ကြိုးဖြင့်တုတ်၊ ပါးစပ်အဝတ်စည်းပြီး သုံးရက်ဆက်တိုက်အဓမ္မပြုကျင်ခံခဲ့ရသည့်အပြင် နှိပ်စက်ညှင်းပန်းမှုများ၊ လူမျိုးရေးခွဲခြားမှုတွေများနှင့် (၃)နှစ်အရွယ် သမီးငယ်နှင့် မသဇင်တို့ကို အသက်အန္တရာယ်ခြိမ်းခြောက်မှုများကိုပါ ကျူးလွန်သူများက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်ခရိုင်၊ တပ်ရင်း (၂၀)အတွင်းဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ထိထိရောက်ရောက် အရေးယူရန် ဗကသများ အဖွဲ့ချုပ်၊ Progressive Voice၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ စစ်ကိုင်းတိုင်း သပိတ်အင်အားစု၊ မြန်မာမွတ်စ်စလင်အစည်းအရုံး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ အပါအဝင် စုစုပေါင်း အဖွဲ့အစည်း ၁၄၉ ဖွဲ့မှ မတ်လ (၉) ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။
#REDNEWS #RNA #RedNewsAgency


