“လက်တွေ့မှာ သေနတ်ပြောင်းအောက်မှာ နေရတဲ့ ပြည်သူတွေအတွက် ကန့်ကွက်ပြောဆိုတာ၊ မဲမပေးချင်ဘူးလို့ ဖော်ပြတာတွေက လုံခြုံရေးအန္တရာယ်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ အဲ့ဒီလို အခြေအနေမှာ “ရွေးချယ်မှု” ဆိုတာက လွတ်လပ်တဲ့ ရွေးချယ်မှု မဟုတ်တော့ဘဲ ဖိအားနဲ့ ကြောက်ရွံ့မှုအောက်မှာ လိုက်လျောညီထွေဖြစ်အောင် လိုက်နာလိုက်ရတဲ့ အရာဖြစ်သွားပါတယ်”
ကျော်ကြီး
လက်ရှိအချိန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကာလဖြစ်တာကြောင့် ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို နေ့စဉ်နဲ့အမျှ ကြားနေမြင်နေရပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်ရာမှာလည်း ဒီမိုကရေစီက မပါမဖြစ်ပါနေတယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်ပိုင်းရဲ့ ရောက်ရာနေရာ တက်ရာအခမ်းအနားတိုင်းရဲ့ မပါမဖြစ်စကားလုံးကလည်း ဒီမိုကရေစီရွေးကောက်ပွဲပါပဲ။
ဒီတော့ စကားလုံးက သုံးဖန်များလွန်းလို့ ဖောင်းပွနေသလိုတောင် ခံစားမိလိမ့်မယ် ထင်ပါတယ်။ ဒီမိုကရေစီဆိုတာ မဲပေးရုံသက်သက်ပဲလား ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ အနှစ်သာရတွေရှိသေးလား ဆိုတာနဲ့ ဒီနေ့ မြန်မာပြည်မှာ အဲဒီစကားလုံးကို ကြားရတာဟာ မျှော်လင့်ချက်ထက် မေးခွန်းပိုများနေလားဆိုတာကို မှန်မှန်ကန်ကန်သိထားဖို့တော့ လိုပါတယ်။
ပထမဆုံးအနေနဲ့ဆိုရရင် ကောင်းမွန်တဲ့ ဒီမိုကရေစီတစ်ခု ဖြစ်လာဖို့ဆိုတာဟာ အချက် (၃) ချက်ပေါ်မှာ အခြေခံနေပါတယ်။ အဲဒါတွေကတော့ ခိုင်မာတဲ့ အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ပုံတွေ ရှိဖို့၊ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးနိုင်ဖို့၊ ပြီးတော့ အဲဒီအဖွဲ့အစည်းတွေဟာ တရားဝင်မှုရှိပြီး မှန်မှန်ကန်ကန် လည်ပတ်နေဖို့ပဲ ဖြစ်ပါတယ်။
ဒီအယူအဆကို အီတလီနိုင်ငံသား နိုင်ငံရေးသိပ္ပံ ပါမောက္ခ လီယိုနာဒို မော်လီနိုက သူရဲ့ ကောင်းမွန်တဲ့ ဒီမိုကရေစီဆိုတာ ဘာလဲ (What is a ‘Good’ Democracy?) ဆိုတဲ့ နာမည်ကျော်စာတမ်းမှာ စနစ်တကျ ရေးသားခဲ့တာပါ။ မော်လီနိုဟာ ဒီမိုကရေစီကို မဲပေးရုံသက်သက်ပဲ ကြည့်တဲ့ ‘အရေအတွက်’ ထက်၊ ဘယ်လောက်အထိ အနှစ်သာရရှိသလဲဆိုတဲ့ “အရည်အသွေး” ကို တိုင်းတာတဲ့နေရာမှာ ကမ္ဘာ့ထိပ်တန်း ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူက ဒီမိုကရေစီရဲ့ အရည်အသွေးကို ရှုထောင့် (၃) ခုကနေ ကြည့်ခဲ့ပါတယ်။ အဲဒီရှုထောင့်တွေကတော့ အဖွဲ့အစည်းတွေ မှန်မှန်ကန်ကန် အလုပ်လုပ်သလားဆိုတဲ့ “လုပ်ထုံးလုပ်နည်း ရှုထောင့်”၊ ပြည်သူတွေ တကယ်ပဲ စိတ်ကျေနပ်မှု ရှိရဲ့လားဆိုတဲ့ “ရလဒ် ရှုထောင့်” နဲ့ လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုတွေ တကယ်ရှိသလားဆိုတဲ့ “အနှစ်သာရ ရှုထောင့်” တို့ကပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ မော်လီနိုရဲ့ သီအိုရီအရ ကြည့်ရင် ရွေးကောက်ပွဲဆိုတာ “အရေအတွက်” ပြရုံ သက်သက်ပဲ ရှိပါသေးတယ်။ အဲဒီ ရွေးကောက်ပွဲဟာ “တရားဝင်မှု” ရှိရဲ့လား၊ “မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်း” တွေအတိုင်း လည်ပတ်ရဲ့လားဆိုတာကမှ “အရည်အသွေး” ကို တိုင်းတာတာပါ။ ဒီရှုထောင့်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် လက်ရှိ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အရည်အသွေး (Quality) ဆိုတာက စိတ်ကူးယဉ်ဆန်သွားပြီး အခြေခံအကျဆုံး တရားဝင်မှု (Legitimacy) တောင် မရှိတဲ့အတွက် နိုင်ငံရေး ပြက်လုံးတစ်ခုသာသာလောက်ပဲ ဖြစ်နေပါတယ်။ သူတို့က ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ခုတုံးလုပ်ပြီး ပြည်သူလူထုရဲ့ဆန္ဒကို နင်းခြေဖို့ ကြိုးစားနေတာပါ။
တကယ်တော့ ခိုင်မာတဲ့ အဖွဲ့အစည်းတွေကလည်း မရှိ၊ တရားဥပဒေစိုးမိုးမှုကလည်း ပျောက်ပျက်နေသလို နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကိုလည်း သေနတ်ပြောင်းဝနဲ့ ပိတ်ပင်ထားတဲ့ အခြေအနေမျိုးမှာ လုပ်တဲ့ ဒီရွေးကောက်ပွဲဟာ “ဒီမိုကရေစီ” မဟုတ်ဘဲ အာဏာသိမ်းမှုကို သက်တမ်းတိုးဖို့ ဒါမှမဟုတ် အရေခွံလဲဖို့ ကြိုးစားတဲ့ “ထွက်ပေါက်” တစ်ခုသာ ဖြစ်နေပါတယ်။ အထူးသဖြင့် စစ်ခေါင်းဆောင်ပိုင်းရဲ့ ပြောဆိုချက်တွေကို ကြည့်ရင် သူတို့ဟာ ဒီမိုကရေစီကို “မဲပေးခြင်း” ဆိုတဲ့ အပေါ်ယံ အလုပ်တစ်ခုတည်းနဲ့ပဲ အဓိပ္ပာယ်ဖွင့်နေကြတာပါ။ အဆိုးဆုံးကတော့ ပြည်သူ့အာဏာကို လက်နက်နဲ့ လုယူထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်က ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို သူလိုသလို ပုံဖော်ပြီး ပြည်သူကို ခြိမ်းခြောက်နေတာပဲ ဖြစ်ပါတယ်။
ဥပမာအားဖြင့် လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က မင်းဘူးမြို့မှာ အကြမ်းဖက်စစ်ခေါင်းဆောင်က စီးပွားရေးလုပ်ငန်းရှင်တွေကို တွေ့ဆုံပြီးပြောခဲ့တာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ “ရွေးကောက်ပွဲတွင် မဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒဖြစ်သော်လည်း မဲပေးခြင်းသည် ဒီမိုကရေစီစနစ် လျှောက်လှမ်းခြင်းကို ထောက်ခံခြင်းဖြစ်ပြီး မဲမပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းမှုကို မထောက်ခံခြင်းဖြစ်ကြောင်း” လို့ သူကဆိုထားပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအောက်မှာတော့ မဲပေးတယ်၊ မပေးဘူးဆိုတာကနေ ဒီမိုကရေစီကို ထောက်ခံတယ်၊ မထောက်ခံဘူးလို့ ဆုံးဖြတ်လို့ ရနိုင်ပါ့မလားဆိုတာကို မဖြစ်မနေ မေးခွန်းထုတ်ရပါလိမ့်မယ်။ အကြောင်းကတော့ ကောင်းမွန်တဲ့ ဒီမိုကရေစီမှာ “မဲပုံး” ထက် “ပြည်သူ့ဆန္ဒ” က ပိုအရေးကြီးလို့ပါပဲ။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကို ကြည့်ရင် လက်ရှိကာလအထိ လက်နက်ကိုင်ပဋိပက္ခတွေက မပြီးဆုံးသေးပါဘူး။ အဲဒီလိုပဲ နိုင်ငံရေးအကြောင်းပြ ဖမ်းဆီးနှိပ်စက်မှုတွေကလည်း ဆက်တိုက်ရှိနေပါတယ်။ သတင်းမီဒီယာတွေ၊ နိုင်ငံရေးပါတီတွေကို ပိတ်ဆို့ကန့်သတ်ထားပါတယ်။ အဲ့ဒီလို အခြေအနေတွေထဲမှာ ရွေးကောက်ပွဲကို ဒီမိုကရေစီလမ်းကြောင်းရဲ့ အစလို စစ်အုပ်စုက ပုံဖော်တင်ပြလာတာကို ပြည်သူလူထုက သဘောမတူနိုင်တော့သလို လက်မခံနိုင်တော့ဘူးဆိုတာကိုလည်း မြင်နေရပါတယ်။ ဒါကို စကားလုံးအလှတွေနဲ့ ဖုံးကွယ်ထားလို့ မရကြောင်းကို Social Insight Foundation (SIF) နဲ့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) တို့ရဲ့ လတ်တလော စစ်တမ်းတွေက သက်သေပြနေပါတယ်။
BACS ရဲ့ မြန်မာကိုလေးစား (RESPECT Myanmar) စစ်တမ်းကကြည့်မယ်ဆိုရင် ဖြေဆိုထားသူ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာပြည်သူတွေအားလုံးနီးပါးဟာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲကို တန်ဖိုးထားလေးစားကြပြီး ဒီမိုကရေစီနိုင်ငံတိုင်းအတွက် အရေးပါတဲ့လုပ်ငန်းစဉ်တခုအဖြစ် ယုံကြည်လက်ခံထားကြတာကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဖြေဆိုသူတွေရဲ့ ၉၈ ရာခိုင်နှုန်းဟာ စစ်အုပ်စုကျင်းပတဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ မပါဝင်လိုကြဘူး၊ မဲမပေးလိုကြဘူးဆိုတာဟာ ဒီရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနိုင်မှာ မဟုတ်ဘူးဆိုတာကို နားလည်ပြီးသားဖြစ်နေလို့ ပါပဲ။
အလားတူပဲ SIF ရဲ့စစ်တမ်းကနေလည်း ပြည်သူတွေဟာ လွတ်လပ်မှုမရှိ၊ တရားမျှတမှုမရှိ၊ ကိုယ်စားပြုမှုမပြည့်စုံတဲ့ ရွေးကောက်ပွဲတခုထဲကို ဝင်ပါလိုက်ရင် ဒီမိုကရေစီကို ကူညီအားပေးရာမရောက်ဘဲ အာဏာသိမ်းထားတဲ့စနစ်ကိုပဲ တရားဝင်မှု ပိုပေးသွားမလားဆိုတဲ့ စိုးရိမ်မှုကြောင့် မဲမပေးကြတာကို တွေ့ရပါတယ်။ ဒါကြောင့် မဲမပေးတာဟာ ဒီမိုကရေစီကို မလိုလားတာလို့ မဆိုနိုင်ဘဲ ဒီမိုကရေစီမဟုတ်တဲ့ လုပ်ငန်းစဉ်တစ်ခုကို နိုင်ငံရေးအသိအရ ခွဲခြားဆုံးဖြတ်လိုက်ကြတာလို့ တွေ့မြင်နိုင်ပါတယ်။ ဒီလိုအချက်တွေကို သီအိုရီအရကြည့်မယ်ဆိုရင် နိုင်ငံရေးသိပ္ပံပညာရှင် Bruce Gilley ပြောခဲ့တဲ့ “ပြည်သူ့ဆန္ဒအရ သဘောတူညီမှု” (Consent) မရှိရင် တရားဝင်မှု (Legitimacy) ဆိုတာ မရှိနိုင်ဘူးဆိုတဲ့ အချက်ကိုတွေ့မြင်နိုင်ပါတယ်။
Gilley က “ရွေးကောက်ပွဲလို လုပ်ထုံးလုပ်နည်းတွေ ရှိရုံနဲ့ အာဏာတစ်ရပ်ဟာ တရားဝင်သွားတာ မဟုတ်ဘူး” လို့ ဆိုထားသလို ဆက်ပြီးတော့ ပြည်သူတွေကိုယ်တိုင်က “ဒီအာဏာဟာ မှန်တယ်၊ လုပ်သင့်တယ်၊ လိုက်နာသင့်တယ်” လို့ ယုံကြည်လာမှသာ တရားဝင်မှု (Legitimacy) ဆိုတာက တကယ်ဖြစ်လာနိုင်တာပါလို့ ဆိုထားပါတယ်။ ဒီသဘောထားနဲ့ လက်ရှိမြန်မာပြည်သူလူထုရဲ့အခြေအနေကို ပြန်နှိုင်းယှဉ်ကြည့်လိုက်ရင် မဲမပေးတာကို ဒီမိုကရေစီကို ပယ်ချတာပါလို့ မဆိုနိုင်ဘူးဆိုတာဟာ ပိုပြီးသိသာလာပါလိမ့်မယ်။ စစ်တမ်းတွေရလဒ်တွေကို ကြည့်ရင် ထင်ထင်ရှားရှားတွေ့နိုင်တာက ပြည်သူတွေက စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို မယုံတော့ဘူးဆိုတာပါပဲ။ ဒါဟာ နိုင်ငံရေးကို စိတ်မဝင်စားတော့လို့ နောက်ဆုတ်လိုက်တာမျိုး လက်လွတ်စွန့်ပစ်လိုက်တာမျိုးတော့ မဟုတ်ပါဘူး။ အာဏာကို ဘယ်လိုနည်းနဲ့ လက်ခံရမလဲဆိုတာကို လေးလေးနက်နက် ပြန်စဉ်းစားစိစစ်လာကြတာပါ။
ဒါဆိုရင် အကြမ်းဖက်စစ်ခေါင်းဆောင်တွေအမြဲပြောနေတတ်တဲ့ စစ်တပ်က မြန်မာ့ဒီမိုကရေစီစနစ်ကို ခိုင်မာအောင် တည့်မတ်ပေးနေတဲ့ အဖွဲ့ဖြစ်တယ်၊ နောက်ပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ဖို့ တပ်မတော်က ဦးဆောင်ပေးနေတယ်ဆိုတဲ့ စကားတွေကိုလည်း မေးခွန်းပြန်ထုတ်ရပါလိမ့်မယ်။ လက်နက်ကိုင်ပဋိပက္ခတွေ မပြီးသေးဘူး၊ နိုင်ငံရေးအကြောင်းပြ ဖမ်းဆီးမှုတွေက ဆက်ရှိနေတယ်၊ လွတ်လပ်စွာ စည်းရုံးခွင့်လည်း မရှိသေးတဲ့ အခြေအနေအောက်မှာ ကျင်းပလာမယ့် ဒီရွေးကောက်ပွဲဟာ ပြည်သူ့ယုံကြည်မှုကို ပြန်မတည်ဆောက်ပေးနိုင်ဘူးဆိုတာကို SIF နဲ့ BACS စစ်တမ်းရလဒ်တွေက ပြသနေပါတယ်။ Gilley ရဲ့ သီအိုရီအရဆိုရင်လည်း ယုံကြည်မှုမရှိတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုက အာဏာကို တရားဝင်အောင် မလုပ်ပေးနိုင်ပါဘူး။ ဒီနေရာမှာ Thomas Fossen ရဲ့ အမြင်ကို ထည့်သွင်းစဉ်းစားလိုက်ရင် ပိုပြီး အမြင်ပြတ်သားလာပါလိမ့်မယ်။
Fossen ရဲ့ အမြင်အရ တရားဝင်မှုဆိုတာဟာ ပြည်သူတွေက ယုံကြည်တယ်၊ ပါဝင်တယ်ဆိုတာထက် ပိုပြီးအရေးကြီးတာက အာဏာကို မေးခွန်းထုတ်လို့ရလား၊ ကန့်ကွက်လို့ရလား၊ ကြောက်ရွံ့မှုမရှိဘဲ ဆန့်ကျင်လို့ရလား ဆိုတာကိုပါ။ အာဏာကို အကြောင်းပြချက်တောင်းဆိုနိုင်တဲ့ အနေအထားကို ပြည်သူတွေက မရထားရင် အဲ့ဒီအာဏာဟာ အခြေခံအားဖြင့် တရားဝင်မှု မပြည့်စုံသေးဘူးလို့ Facing Authority စာအုပ်မှာ သူက ဆိုထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ ပြည်သူလူထုဟာ လွတ်လပ်စွာ ကန့်ကွက်ပြောဆိုနိုင်ခွင့် မရှိသလို ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို မေးခွန်းထုတ်ဖို့လည်း လုံခြုံမှု လုံးဝ မရှိနေပါဘူး။ ပြည်သူလူထုက အာဏာပိုင်တွေကို မေးခွန်းထုတ်ခွင့်မရှိဘဲ၊ ဝေဖန်ခဲ့ရင် ထောင်ဒဏ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ စစ်အုပ်စုက အသစ်ပြဋ္ဌာန်းထားတဲ့ “ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ” နဲ့ ပါးစပ်ပိတ်ခံထားရတဲ့ အခြေအနေဟာ Fossen ပြောသလို “တရားဝင်မှု လုံးဝ မရှိခြင်း” (Lack of Legitimacy) ကိုပဲ ပြသနေတာပါ။ အဲ့ဒီလို အခြေအနေအောက်မှာ ဖြစ်ပေါ်လာတဲ့ ပြည်သူလူထုရဲ့ တိတ်ဆိတ်နေမှုမျိုးကို ဒီမိုကရေစီထောက်ခံမှုလို့ ခေါ်ဖို့ဆိုတာက Fossen ရဲ့ သီအိုရီအရလည်း လက်မခံနိုင်တဲ့ အရာဖြစ်ပါတယ်။
လက်တွေ့မှာ သေနတ်ပြောင်းအောက်မှာ နေရတဲ့ ပြည်သူတွေအတွက် ကန့်ကွက်ပြောဆိုတာ၊ မဲမပေးချင်ဘူးလို့ ဖော်ပြတာတွေက လုံခြုံရေးအန္တရာယ်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ အဲ့ဒီလို အခြေအနေမှာ “ရွေးချယ်မှု” ဆိုတာက လွတ်လပ်တဲ့ ရွေးချယ်မှု မဟုတ်တော့ဘဲ ဖိအားနဲ့ ကြောက်ရွံ့မှုအောက်မှာ လိုက်လျောညီထွေဖြစ်အောင် လိုက်နာလိုက်ရတဲ့ အရာဖြစ်သွားပါတယ်။ ဒီလို အခြေအနေအောက်မှာ ထွက်လာတဲ့ ပါဝင်မှုကို ပြည်သူ့ဆန္ဒလို့ ခေါ်ဖို့ကလည်း အင်မတန်ခက်ခဲပါတယ်။ ဒါကြောင့် မဲမပေးတာကို ဒီမိုကရေစီကို မထောက်ခံတာလို့ အလွယ်တကူ သတ်မှတ်လို့ မရပါဘူး။ အဲ့ဒီဆုံးဖြတ်ချက်ထဲမှာ လက်ရှိစနစ်ရဲ့ စစ်မှန်မှုကို ခွဲခြားသိမြင်လာတဲ့ နိုင်ငံရေးနားလည်မှု ပါဝင်နေပါတယ်။ ဒါ့အပြင် မော်လီနို ထောက်ပြခဲ့တဲ့ “လုပ်ထုံးလုပ်နည်း ရှုထောင့်” အရကြည့်ရင်လည်း လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ အခန်းကဏ္ဍက မေးခွန်းထုတ်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ကောင်းမွန်တဲ့ ဒီမိုကရေစီမှာ ရွေးကောက်ပွဲကျင်းပတဲ့ အဖွဲ့အစည်းဟာ အစိုးရ ဒါမှမဟုတ် အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှုကနေ လွတ်ကင်းပြီး ဘက်မလိုက်တဲ့ အဖွဲ့အစည်း ဖြစ်ရပါမယ်။
ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာတော့ UEC ကို စစ်အုပ်စုက သူတို့စိတ်ကြိုက် ခန့်အပ်ထားတဲ့သူတွေနဲ့ပဲ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် ဒီအဖွဲ့အစည်းဟာ ပြည်သူ့ဆန္ဒကို ဖော်ဆောင်ပေးမယ့်သူ မဟုတ်ဘဲ စစ်အုပ်စုရဲ့ အာဏာတည်မြဲရေးအတွက် လိုသလို ပုံဖော်ပေးမယ့် “ယန္တရား” တစ်ခုသာ ဖြစ်နေပါတယ်။ ဥပဒေတွေကို စစ်အုပ်စုအလိုကျ ပြင်ဆင်တာ၊ နိုင်ငံရေးပါတီတွေကို တရားမဝင် ကြေညာတာ စတဲ့ လုပ်ရပ်တွေဟာ “မျှတတဲ့ ယှဉ်ပြိုင်မှု” (Fair Competition) ဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံစံနှုန်းတွေကို အစကတည်းက ဖျက်ဆီးထားတာ ဖြစ်ပါတယ်။ နောက်ဆုံးမေးခွန်းကတော့ ပြည်သူတွေ တကယ်လိုချင်တာ ဘာလဲဆိုတာပါ။ SIF နဲ့ BACS စစ်တမ်းတွေကို စုစည်းကြည့်လိုက်ရင် ထင်ရှားလာတာက ပြည်သူတွေဟာ ရွေးကောက်ပွဲကို ငြင်းပယ်နေတာ မဟုတ်ဘူးဆိုတာပါ။ သူတို့ ငြင်းပယ်လိုက်ရတဲ့ အဓိကအချက်ကတော့ ရွေးကောက်ပွဲကို ဒီမိုကရေစီအတွက် မဟုတ်ဘဲ အာဏာကိုတရားဝင်အောင် ဖုံးကွယ်ဖို့ စစ်အုပ်စုက အသုံးချနေလို့ပဲ ဖြစ်ပါတယ်။
စစ်တမ်းတွေက ပြောနေတာက ရွေးကောက်ပွဲလုပ်ပေးပါ ဆိုတဲ့ ဆန္ဒမဟုတ်ဘဲ စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်နိုင်တဲ့ အခြေအနေကို ပြန်လုပ်ပေးပါ ဆိုတဲ့ တောင်းဆိုချက်သာ ဖြစ်ပါတယ်။ လွတ်လပ်စွာ ပါတီဖွဲ့စည်းခွင့်မရှိသေးသရွေ့၊ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူတွေ မလွတ်မြောက်သေးသရွေ့၊ သတင်းမီဒီယာတွေ မလွတ်လပ်သေးသရွေ့၊ မဲဆန္ဒရှင်တွေ ကိုယ်တိုင် လုံခြုံမှုမရှိသေးသရွေ့ စသဖြင့် ဒီလိုအခြေအနေတွေ မပြည့်မီဘဲ ကျင်းပမယ့် ရွေးကောက်ပွဲတစ်ခုဟာ ဘယ်လိုပုံစံဖြစ်ဖြစ် ပြည်သူ့ယုံကြည်မှုကို ပြန်မရနိုင်ဘူးဆိုတာကို စစ်တမ်းတွေက တစ်ပြိုင်နက်တည်း ပြောနေပါတယ်။ အခြေခံအားဖြင့် ပြည်သူတွေ တောင်းဆိုနေတာက ယုံကြည်လို့ရတဲ့ စနစ်၊ ကြောက်စရာမလိုဘဲ ပါဝင်လို့ရတဲ့ နိုင်ငံရေးပတ်ဝန်းကျင်၊ မေးခွန်းထုတ်လို့ရတဲ့ အာဏာပိုင်စနစ်ကိုပဲ ဖြစ်ပါတယ်။
အနှစ်ချုပ်ဆိုရရင်တော့ တရားမျှတမှုမဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်မဲမပေးတာဟာ ဒီမိုကရေစီကို မထောက်ခံတာလို့ အကြမ်းဖက်စစ်အာဏာရှင်က ပြောလိုက်တာဟာ ဒီနေ့မြန်မာပြည်သူလူထုရဲ့ အခြေအနေကို မဖော်ပြနိုင်တော့ပါဘူး။ စစ်တမ်းအချက်အလက်တွေ၊ နိုင်ငံရေးသီအိုရီတွေ၊ ပြည်သူလူထုရဲ့ လက်တွေ့ဘဝအနေအထားတွေ၊ အခြေအနေတွေကို ပေါင်းစပ်ယှဉ်တွဲကြည့်လိုက်မယ်ဆိုရင် လက်ရှိစစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ မပါဝင် မဲမပေးခြင်းဟာ ဒီမိုကရေစီကို ပယ်ချတာမဟုတ်ဘဲ တရားဝင်မှုမရှိတဲ့ အာဏာကို လိုက်နာဖို့ ငြင်းဆန်လိုက်တဲ့ ပြည်သူလူထုရဲ့ မြင့်မားလာတဲ့ နိုင်ငံရေးအသိစိတ်ဓာတ်နဲ့ သန္နိဋ္ဌာန်ဖြစ်တယ်ဆိုတာကို လက်ရှိအခြေအနေကနေ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါလိမ့်မယ်။
#RedNewsAgency #RNA #RedNews
