RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာတောင်ဘက်တွင် တအာင်းတပ်မတော်-TNLA နှင့် ရှမ်းပြည်တပ်မတော် – SSA တို့ ဇွန်လ ၂၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်အပြန်အလှန်စွပ်စွဲ ထုတ်ပြန်ထားကြသည်။
မိုးဟောက်ကျေးရွာအနီး ပစ်ခတ်မှုဖြစ်စဉ်တွင် TNLA ကင်းလှည့်စဉ် SSA တပ်က (၂) ကြိမ်ခြုံခိုပစ်ခတ်သည်ဟု TNLA ကပြောကြားထားပြီး၊ SSA ဘက်ကလည်း TNLA မှစစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ခုခံကာကွယ်ခဲ့ရသည်ဟု ပြောကြားထားကြသည်။
မိုးဟောက်ကျေးရွာအုပ်စုအတွင်း တအာင်းတပ်မတော်-TNLA စစ်ကြောင်းထွက် ကင်းလှည့်နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA တပ်ဖွဲ့မှ (၂)ကြိမ် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး TNLA စစ်ကြောင်းတည်ရှိရာကိုလည်း လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်သည်ဟု TNLA က ဇွန်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
မိုးဟောက်ကျေးရွာ တောင်ဘက်ရှိ SSPP/SSA တပ်စခန်းတည်ရှိရာ နေရာကို PSLF/TNLA တပ်ဖွဲ့မှ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် SSPP/SSA ဘက်မှ ပြန်လည်ခုခံကာကွယ်ခဲ့ရာ မိနစ်အနည်းငယ်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရပြီး အခင်းပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှ TNLA တပ်ဖွဲ့ ပြည်လည်ဆုတ်ခွာသွားပြီးဟု SSPP/SSA ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကောင်စီစိုးမိုးထားသည့် မိုးမိတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နှင့် PDF ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA