တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသော ရဲဘော် (၄) ဦးကျဆုံး

RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။

ပဲခူးတိုင်း (အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ တောင်ပြတ်ကျေးရွာတိုက်ပွဲတွင် သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force) ၃၈၀၃ မှ ရဲဘော် (၄) ဦးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် ကျဆုံးသွားပြီဟု သိရသည်။

ဆင်အာချောင်းပေါက်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် စစ်ကြောင်း (၃) ကြောင်းခွဲကာ တော်လှန်ရေးအင်အားစုများရှိသည့် တောင်ပြတ်ကျေးရွာကို ဇွန်လ (၂၀) ရက်နေ့ နံနက်စောစောပိုင်းတွင် စစ်ကြောင်းထိုးလာပြီး အနီးကပ် တိုက်ပွဲဖြစ်ပွားချိန် သာယာဝတီခရိုင်တပ်ရင်း – ၃ – ၃၈၀၃ မှ ရဲဘော် (၄) ဦး ဖမ်းဆီးခံလိုက်ရကြောင်း၊ တပ်ရင်း ၃၇၀၁ တပ်ခွဲ (၅) မှရဲဘော် (၁) ဦးမှာတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်ဟု သာယာဝတီခရိုင်တပ်ရင်း – ၃ တာဝန်ရှိသူတစ်ဦးက Red News Agencyကို ပြောပြသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော သာယာဝတီခရိုင်တပ်ရင်း – ၃ (MDF) မှ ပြည်သူလူထုလုံခြုံရေး ဒုတာဝန်ခံ တပ်ကြပ်ကြီး ရဲဘော်အော်ကြူး (ခ) ဦးကျော် (အသက် ၃၅ နှစ်)၊ ထုတ်လုပ်ရေးတပ်ဖွဲ့ဝင် တပ်ကြပ် ရဲဘော်ချက်ကြီး (ခ) ထွန်းကိုကို (အသက် ၂၂ နှစ်)၊ ဒုတပ်စုမှူး ရဲဘော်အယ်ဒို (အသက် ၂၉ နှစ်) နှင့် ရဲဘော်ထက်ကြီး (အသက် ၂၉ နှစ်) တို့ကို ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

အသက်ကိုစွန့်လွှတ်ကာ လူထုတော်လှန်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့သည့် ရဲဘော်များအတွက် ရဲဘော်တို့၏ မိခင်တပ်ရင်း၊ မဟာမိတ် ရဲဘော်ရဲဘက်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်များအားလုံးမှ ဂုဏ်ယူအလေးပြုကြောင်း၊ ရဲဘော်တို့ မျှော်မှန်းခဲ့သည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ တန်းတူညီမျှပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်သည်ထိ ရဲဘော်တို့၏ ရဲဘော်ရဲဘက်များက ဆက်လက် ကြိုးပမ်းသွားပါမည်ဟု Myanmar Defense Force ကထုတ်ပြန်ထားသည်။

 

#RedNewsAgency #REDNEWS #RNA

By RNA Editor