Red News Agency

Independent Journalism for Justice and Human Rights.

Major Operation အတွင်း စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

Written by

in

RNA_ဧပြီ(၁၆)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်တွင် CDF-KKG မှ Major Operation အဖြစ် ပြုလုပ်သည့် စစ်ရေးဖော်ဆောင်မှုများအတွင်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ယနေ့ ABSDF အမှတ် (၃) စစ်ကြောင်းက ထုတ်ပြန်ထားသည်။

CDF-KKG Major Operation စတင်သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်းရှီ ကမ်းပါးနီ စစ်ကောင်စီစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဖေဖော်ရီလ ၁၅ ရက်နေ့တွင်လည်း ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်အကြားရှိ မှန်တောရွာနှင့် အောင်သာယာ (အနောက်)ရွာရှိ စစ်ကောင်စီ ခြေကုတ်ယူထားသည့် စစ်စခန်းများအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၁၁ ရက်နေ့က ကလေးနယ်မြို့နယ်တောင်ပိုင်းအဆုံး ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ စစ်ကောင်စီအမာခံရွာဖြစ်သည့် ကြံသာရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

Major Operationကို ချင်းအမျိုးသားတပ်ဦး (CNA)ကွပ်ကဲမှုဖြင့် CDF -KKG၊ CDF- Hakha၊ CDF- Thangtlang၊ CDF CDM – Siyin၊ ယောဒေသလွတ်မြောက်ရေး တပ်ပေါင်းစု (CDF – Senthang,နဂါးညီနောင်)၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီပကဖ နှင့် ABSDF အမှတ် (၃) စစ်ကြောင်း၊ PDF – Vokok၊ RKDF စသည့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ်းပါနီ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် ABSDF မှ ဒုတပ်စိတ်မှူး ရဲဘော်ကနောင်(ခ) သဲကိုအောင် ကျဆုံးခဲ့ရပြီး၊ ကြံသာရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင် ABSDF မှ တပ်စုမှူး ရဲဘော်မြအောင် (ခ)လင်ကွန်းကျဆုံးခဲ့ရသည့်အတွက် (၂) လဝန်းကျင် ကြာမြင့်သည့် စစ်ဆင်ရေးအတွင်း ABSDF မှ ရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၆ ဦး ဒါဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Major Operation စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီအနေဖြင့် ဆုံးရှုံးသွားသည့် နယ်မြေများပြန်လည်ရရှိရေးအတွက် တန်ပြန်ထိုးစစ် ၁၉ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး စစ်မြေပြင်မဟုတ်သည့် အရပ်သားပစ်မှတ်များအား လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ(၂၀,၀၀၀) ဝန်းကျင်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#RedNewsAgency #REDNEWS #RNA