RNA_ဇန်နဝါရီ(၁၁)၊၂၀၂၅ခုနှစ်။
ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ကလေးငယ်များအပါအဝင် မီးလောင်သေဆုံးခဲ့ရသည့်ပြည်သူ အနည်းဆုံး (၂၆) ဦးရှိကြောင်း သိရသည်။
ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ် (၃၉၈) လုံး မီးလောင်ကျွမ်းခဲ့ရပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။
AA ၏ ထုတ်ပြန်ချက်တွင် လက်ရှိပြုစုနေသောစာရင်းများအရ သေဆုံးသူ (၂၆) ဦး နှင့် အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ (၁၂) ဦး နှင့် အသေးစား(အပေါ့စား)ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိခဲ့ကြောင်း၊ ထို့အပြင် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသော သူများရှိနေသေးသောကြောင့် သေဆုံး ဒဏ်ရာရသူများ အရေအတွက် ထပ်မံတိုးလာနိုင်ပြီး၊ နောက်ထပ် သေဆုံး ဒဏ်ရာရသူများစာရင်း ရရှိပါက ထပ်မံဖော်ပြပေးမည်ဟု ပြောကြားထားသည်။
အာရက္ခဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင် ပြည်သူများကို ပစ်မှတ်ထားပြီး ဆေးရုံများ၊ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများ နှင့် လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို သူရဲဘောကြောင်စွာဖြင့် နေစဉ်နှင့်အမျှ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကျူးလွန်လျက်ရှိသည်ဟု AA ကထုတ်ပြန်ထားသည်။
#RedNewsAgency #REDNEWS #RNA