စစ်ကောင်စီ၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို AA အသေဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသော စစ်ကောင်စီလက်အောက်ခံ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အာရက္ခတပ်တော် (AA) မှ အသေဖမ်းဆီးရမိကြောင်း သိရသည်။

နခခ-၅ မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော တပ်မမှူးတစ်ဦးဖြစ်သည့် တမခ-၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ ဒီဇင်ဘာ (၁၇) ရက်နေ့ မွန့်တည့် (၁၂) နာရီခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းအနိး ပုစွန်ကန်တဲအတွင်း၌ အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

တမခ-၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးသည် ဒေသခံတချို့၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့်တပ်များ၏ အချိန်ပြည့် ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုများအောက်တွင် လွတ်မြောက်ရန် အခွင့်အရေးမရခဲ့ဘဲ ၎င်းတို့ထောင်ထားသော မိုင်းကိုနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်က နခခ (၅) စခန်းကြီးကို အာရက္ခတပ်တော်မှ အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ချိန်တွင် ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့ကို ဒီဇင်ဘာလ (၈) ရက်နေ့ မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင် လက်ရဖမ်းဆီးရမိခဲ့သည်။

အာရက္ခတပ်တော်အနေဖြင့် မောင်တောမြို့နှင့် တောင်ကုတ်မြို့တို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီးနောက် အမ်းမြို့နှင့် ဂွမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ အမ်းမြို့တွင် နပခဌာနချုပ်အတွင်း အနည်းငယ်သော နေရာအချို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor