RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီတပ်စခန်းကို အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၆) ဦးသေဆုံးပြီး၊ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိကြောင်း အမှတ် (၈) စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။
ရေလာလေး စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲ ၁ နာရီ ၃၀ မိနစ်အတွင်း စစ်ကောင်စီလက်အောက်ခံ (၆) ဦးထက်မနည်းသေဆုံးကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ အမှတ်(၈)စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)မှ တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီ၏ ရေလာလေး တပ်စခန်းကို တပ်ပေါင်းစုညီညွတ်ရေးကိုမျှော်ရည်ကာ စုဖွဲ့တိုက်ပွဲဝင်နေသည့် အမှတ် (၈) စစ်ကြောင်း ဦးဆောင်မှုဖြင့် ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့၊ ပခုက္ကူခရိုင် (Local)တပ်ရင်း၊ Kamma Revolution Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းမှ ၆၀ မမစိန်ပြောင်း(၁)လက်၊ MA2(၁)လက်၊ MA3 (၁)လက်၊ M2 ကာဘိုင် (၁၂)လက်၊ ရှော့ဂန်း(၃)လက်၊ 5.56 လက်လုပ် (၁) လက်၊ ကျည်ဘောက် (၁၀)ဘောက်၊ ကျည်မျိုးစုံ နှစ်ထောင်ဝန်းကျင်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။
#RedNewsAgency #REDNEWS #RNA #AhNyar