RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။
အာဏာသိမ်းစစ်ကောင်စီတပ်မှ တိုက်ပွဲများအတွင်း ဒရုန်းဗုံးအသုံးပြုရာတွင် ဝိစာရစိုက်ပျိုးရေးဆေးများရောင်းချသည့် ကုမ္ပဏီမှ ထုတ်လုပ်အသုံးပြုနေသော S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကိုထည့်သွင်း အသုံးပြုနေကြောင်း သိရှိရသည်။
S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို အသုံးပြုပြီး ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ် နယ်စပ်အချို့နေရာများတွင် ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် အဆိပ်ငွေ့ပြားများကိုပါ ထည့်သွင်းအသုံးပြုလာပြီဖြစ်ကြောင်း KNDF က ယနေ့ ထုတ်ပြန်လိုက်သည်။
မိုးဗြဲမြို့ပြင်၌ အခြေစိုက်ထားသော ခမရ (၄၂၂) တပ်မှ မိုးဗြဲမြို့နှင့် ပတ်ဝန်ကျင်များသို့ ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့တို့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို ထည့်သွင်း အသုံးပြု၍တိုက်ခိုက်ခဲ့ကြောင်း၊ အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြုထား၍ ဗုံးသီးကျရောက်ရာ အနီးဝန်ကျင်တွင် မီးခိုးများ အများအပြားထွက်လာပြီး ရှုရှိက်မိသော ရဲဘော်အချို့မှာ မူးဝေခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အိပ်ချင်လာခြင်း၊ ခန္တာကိုယ်မလန်းဆန်းခြင်း၊ အားပြက်ခြင်း စသည့်ဝေဒနာများခံစားခဲ့ရပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများ၏ အသုံးဝင်ပုံကို ဝိစာရကုမ္ပဏီက စားသုံးရန်မဟုတ်သောပစ္စည်းများ၊တိရစ္ဆာန်အစားအစာများသိုလှောင်ထားစဉ် ကျရောက်ဖျက်ဆီးသောဖျက်ပိုးများကိုကာကွယ် နှိမ်နင်းနိုင်သော အဆိပ်ငွေ့မှိုင်းတိုက်ဆေးပြားခဲဖြစ်ဖြစ်ကြောင်း၊ အသုံးပြုနည်းမှာ သီးနှံသိုလှောင်ရုံတွင်အဆိပ်ငွေ့မှိုင်းတိုက်ခြင်း၊ Silo သိုလှောင်ရုံ (အစားအစာမဟုတ်သောပစ္စည်းများ) သီးနှံတစ်တန်(၂-၅)ဆေးပြား၊ သီးနှံပုံများ/သီးနှံမျိုးစေ့များ သီးနှံတစ်တန်(၂-၃)ဆေးပြား၊ ထုပ်ပိုးထားသောပစ္စည်းများ – ၁၀၀၀ ကုဗပေလျှင် ၁၃၅ဂရမ် (၄၅)ဆေးပြား၊ ကြွက်တွင်းလိုဏ်ခေါင်းများတွင် တစ်တွင်းလျှင်(၁-၂)ဆေးပြားအသုံးပြုရသည်ဟု ကြော်ညာထားသည်။
စစ်ကောင်စီတပ်၏ ဒရုန်းဗုံးလာရောက်ကြဲချချိန် ဗုံးသီးကျရောက်ခဲ့သော နေရာများအား စစ်ဆေးခဲ့ရာ အက်စ်ဖော့စ် အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး၊ ပြည်သူများအနေဖြင့် သတိကြီးစွာထား၍ မိမိတို့အနီးဝန်ကျင်တွင် ဒရုန်းများ ပျံဝဲနေခြင်း ၊ တိုက်ခိုက်ခံရသည့် နေရာများနှင့်အနီးတွင်ရှိနေခြင်းများ ဖြစ်လာပါက စူးစမ်းကြခြင်းမျိုးမပြုလုပ်ဘဲ လုံခြုံသောနေရာ များသို့ ပုန်းခို၍ ရှောင်ရှားကြရန် KNDF က အထူးအသိပေး အကြံပြုထားသည်။
#RedNewsAgency #REDNEWS #RNA