စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၁) ဦးသေဆုံးပြီး (၄၂) ဦးအရှင်ဖမ်းဆီးခံရ

RNA_အောက်တိုဘာ(၂)၊၂၀၂၄ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာအထိုင်ရဲစခန်းမှ ထွက်လာသော အင်အား(၉၀)ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ (၃၁) ဦးသေဆုံးပြီး (၄၂) ဦးအရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

“စစ်ကောင်စီတပ်ဖွဲဝင် ရုပ်အလောင်း (၃၁) လောင်း နှင့် စစ်သုံ့ပန်း (၄၂) ဉီး တို့ကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး မိမိတို့မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်(၄)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ၏စစ်ကြောင်းတခုလုံးနီးပါးကို ဖျက်စီး တိုက်ခိုက်နိုင်ခဲ့ပါသည်” ဟု ULF စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်ထံမှ BA100 ပြောင်းတို (၂)လက်၊ MA 13 (၂) လက်၊ G3 (၆)လက်၊ MA 11 (၆)လက်၊ MA 3 (၁၁)လက်၊ MA 1 (၂၂) လက်၊ MA 2 (၂) လက်၊ MA 4 (၁) လက်၊ ၆၀ မမ ဗုံးသီး (၇) လုံး၊ RPG ကျည် (၄) လုံး၊ ၈၁ မမ ဗုံးသီး (၁) လုံး၊ အီနာဂါဗုံးသီး (၇) လုံး၊ ကွန်ကျူး (၇) ဖူး၊ MT (၂)စီး ၊ ကင်းထောက်ဒရုန်း (၁)စီး၊ ဂျန်ပါ (၁)လုံး၊ ဆက်သွယ်ရေးစကားပြောစက် (၁)လုံး၊ မီးကျည် (၄၀) တို့သိမ်းဆည်းရမိကြောင်း သိရသည်။

တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၂) ကြိမ်ပြုလုပ်ခဲ့ပြီးအနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဟောင်ဝစ်ဇာနှင့် (၃)ကြိမ် ထပ်မံပစ်ကူပေးနေသည့်ကြားမှ ညနေ (၅) နာရီတွင် စစ်ကောင်စီစစ်ကြောင်းအား အောင်မြင်စွာ ခြေမှုန်းနိုင်ခဲ့ကြောင်း၊ ULF စစ်ကြောင်း (ယင်းမာပင်ခရိုင်)နှင့်အတူ SAF(ကျောင်းသားလက်ရုံးတပ်တော်)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် တပ်ရင်း-၂၀၊ ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဘုတလင်-ပကဖ) နှင့် ဘုတလင်မိုဘိုင်း တပ်ဖွဲ့၊ ပြည်သူလွတ်မြောက်ရေးတပ်မတော်(PLA) ၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF) နှင့် 96 Soldiers PDF စသည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #RNA

By Editor