စခန်းစီးနင်းတိုက်ခိုက်သော စစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့

RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ ခုနှစ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger (MBT) တပ်ဖွဲ့ စစ်ကြောင်း -၃ အခြေချ တပ်စခန်းများအား အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီလက်အောက်ခံများက ယနေ့ နံနက် ၅ နာရီခန့်က စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ခဲ့ရန် ကြိုးပမ်းခဲ့သော်လည်း မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ် လေကြောင်းပစ်ကူပါ ယူခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းအား ခုခံတိုက်ခိုက်မှုကြောင့် နောက်ဆုတ်သွားချိန် နံနက် (၇) နာရီခန့်၌ မြင်းခြံခရိုင် အမှတ် (၁၊၂၊၃၊၇၊၈)တပ်ရင်းများ၊ မြင်းခြံခရိုင်ပကဖ၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့၊ အမှတ် ၈၁၅ တပ်ရင်း (PLA) တပ်ဖွဲ့များ လာရောက်ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံများကို ခြေဆေးချောင်းအတွင်း ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ခဲ့သည်အထိ စစ်ကောင်စီတပ် အရှုံးများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု MBT ကထုတ်ပြန်ထားသည်။

“စစ်ပွဲသည် နံနက် (၅)မှ နေလည် (၁၁)နာရီကျော်အထိ ဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ ၁၈ ဦး သေဆုံးခဲ့ပြီး ဖိုးဝွီး(4 Wheel) ကားပေါ်တွင် သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သည်။ ယခုချိန်တွင် ရန်သူဘက်မှ ထိခိုက်အသေဆုံး များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှနယ်မြေအား ပြန်လည်ရှင်းလင်းရေး လုပ်ဆောင်နိုင်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာသည့်အတွက် လေယာဉ် (၂) စင်းဖြင့် လာရောက်ပစ်ကူပေးသည့်အပြင် Drone (၅)စင်းဖြင့်ပါ တိုက်ခိုက်ခဲ့သည့်အတွက် တော်လှန်ရေးအင်အားစုများ နောက်ဆုတ်ပေးခဲ့ရကြောင်း၊ လေကြောင်းပစ်ကူကြောင့် သေဆုံးစစ်ကောင်စီလက်အောက် ခံများ၏ လက်နက်များ မသိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပြထားသည်။

#RedNewsAgency #RNA

By Editor