ဆိပ်မူကို စစ်တပ်က‌ လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးဖြင့်တောက်လျောက်ပစ်ခတ်နေသည့်အတွက် ရပ်သားသေဆုံးမှုရှိ

RNA_ဖားကန့်၊ စက်တင်ဘာ (၁၆)၊ ၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ lucky men ဟိုတယ်ကို အခြေပြုတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA/KPDF တို့ ယနေ့နံနက်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူ တောက်လျောက်ပေးနေခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့သည်။

ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဆိပ်မူကို ဗုံးကြဲသွားခဲ့ပြီး၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် လေယာဉ်နှစ်စီးဖြင့် ဆိပ်မူကျေးရွာနှင့် ဖားပြင်ကျေးရွာ ဆုတောင်းကုန်းတို့အား ဗုံးကြဲသွားခဲ့ကြောင်း သိရသည်။

လက်ရှိနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း ဖားကန့်မြို့လယ်ခေါင် ငှက်ပျောတောရပ်ကွက်၊ ကြိုးတံဘက်အချိုး မိန်းလမ်းမကြီးပေါ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့ကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ မှော်တောင်းကျေးရွာ၌ လက်နက်ကြီးထိမှန်ကာ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆိပ်မူကျေးရွာ၏ တစ်ဖက်ကမ်း ဖားပြင်ကျေးရွာဘုန်းကြီးကျောင်းပေါ်၌လည်း လက်နက်ကြီးကျပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။

စက်တင်ဘာ (၇) ရက်နေ့ နံနက်အစောပိုင်းက ဆိပ်မူ lucky men ဟိုတယ်တွင် စစ်ကောင်စီက တပ်စွဲရာမှ စတင်ခဲ့သည့် ဆိပ်မူတိုက်ပွဲသည် (၁၀) ရက်အထိ ရှိလာပြီဖြစ်သည်။

#RedNewsAgency #RNA

By Editor