နွေဦးတော်လှန်ရေး ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများ

“မင်းအောင်လှိုင်စစ်တပ်ရဲ့ သဘောတရားကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်ထားသူများအပ ၎င်းကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ မခွဲခြားပဲ တန်းတူထား ဖိနှိပ်တာကို မြင်တွေ့ရမှာပါ”

ကျော်ရဲစံ

ယေဘုယျ အားဖြင့် ၂၀၂၁ ခုနှစ် မတ်လ မှစတင်ခဲ့သောလက်နက်ကိုင် တော်လှန်ရေးသည် နှစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ စစ်ကိုင်းတိုင်းက ကလေးမြို့နယ် တာဟန်းခံတပ်က အစပြုလို့ ပြည်သူ့ခုခံစစ်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရက ကြေညာခဲ့သည်ဆိုလျှင် နှစ်နှစ်နီးပါး ပြည့်တော့မှာဖြစ်ပါတယ်။

ဒီကာလအတွင်း တူမီးကအစပြုလို့ လက်လုပ် မိုင်းတွေနဲ့ စစ်ကောင်စီကို ခုခံ တော်လှန်ခဲ့ကြရာမှ Federal Wings ကဲ့သို့ ဒရုန်းတပ်ဖွဲ့များ၊ ၈၀မမ၊ ၆၀ မမ လက်လုပ်လက်နက်ကြီးများနဲ့ အော်တိုပစ်ခတ်နိုင်တဲ့ မောင်းပြန် သေနတ်များပါ ကာကွယ်ရေးအဖွဲ့တွေက ထုတ်လုပ်လာနိုင်နေပါတယ်။ နည်းပညာပိုင်းနဲ့ ကုန်ကြမ်းပစ္စည်း ကွာခြားမှုအရ စစ်ကောင်စီတပ်နဲ့ လက်နက် အင်အားခြင်းကွာခြားနေသော်လည်း မြန်မာပြည်အနှံ့တွင် ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးနယ်မြေများထူထောင်လာနိုင်​​နေပါတယ်။

စိုးမိုးနယ်မြေဆိုတာဟာ မြို့ကို သိမ်းထားတာမျိုးမဟုတ်ပဲ စစ်ကောင်စီတပ်တွေကို မြို့ကို ပို့ပြီး ဝိုင်းဝန်းပိတ်ဆို့ထားခြင်းသာ ဖြစ်ပါတယ်။ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း တွေမှာသာ စစ်ကောင်စီတပ်သားတွေ လွတ်လပ်စွာသွားလာနိုင်ဆဲ ဖြစ်ပေမဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာတော့ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေရတာကို မြင်တွေ့ရပါတယ်။ ဒါကလည်း ပြည်သူလူထုရဲ့ နေ့စဉ်ရှင်သန်ရတဲ့ ဘဝ အားဆေးတစ်ခွက်လိုကိုဖြစ်နေပါပြီ။

စစ်ရေး အခြေနေတင်းမာပြီး နေ့စဉ်နေ့တိုင်း တိုက်ခိုက်ခံ​နေရတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင်နီပြည်နယ်တို့အပြင် ပဲခူးတိုင်းနဲ့ နေပြည်တော်တဝိုက်မှာပါ ကာကွယ်ရေးအဖွဲ့တွေ စစ်မျက်နှာအသစ်တွေဖွင့်လာနိုင်ပါတယ်။ ပြည်သူတွေထဲက မွေးထုတ်တာမို့ ပြည်သူလူထု ကူညီအားပေးမှူနဲ့ ရပ်တည်နေရတဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ လက်နက်လိုအပ်ချက် မြင့်မားမှုကြောင့် စစ်ကောင်စီတပ်သားတွေကို ပျောက်ကြားနည်းဗျူဟာနဲ့ သာ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေ့က မကွေးမြို့ပေါ် ဆန္ဒပြပွဲ။

ကရင်ပြည်နဲ့ ကရင်နီပြည်နယ်တွေလိုမျိုး လက်နက်အင်အားခြင်းယှဉ်နိုင်တဲ့ အနေ အထားမျိုးမှာ စစ်ကောင်စီတပ်သားတွေဟာ ခွေး ၊ဝက်ပြေး ပြေးနေကြရပြီးတော့နေ့စဉ် အစုလိုက်အပြုံလိုက် သေဆုံးတဲ့ သတင်းတွေကိုလည်း ကြားမြင်နေရပါတယ်။ စစ်ကောင်စီလော်ဘီတွေဟာ ဆိုရင်လည်း ဒီလိုမျိုးအခြေနေတွေအပေါ် မင်းအောင်လှိုင်ကို စိတ်ပျက်နေတာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေပြီး ၎င်းကို ပြန်ဝေဖန်တဲ့ ထောက်ခံသူတွေကိုပင် မင်းအောင်လှိုင်စစ်တပ်က ပြန်လည်ဖမ်းဆီးနှိပ်စက်လာတာကို မြင်တွေ့ရပါတယ်။

မင်းအောင်လှိုင်စစ်တပ်ရဲ့ သဘောတရားကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်ထားသူများအပ ၎င်းကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ မခွဲခြားပဲ တန်းတူထား ဖိနှိပ်တာကို မြင်တွေ့ရမှာပါ။ မြို့ပြပျောက်ကြား မြေအောက်လှုပ်ရှားမှုတွေကြောင့် ၎င်းရဲ့ သတင်းပေးဒလန်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေ​များစွာ သေဆုံးခဲ့ရပါတယ်။ စစ်ရေးအရ ၎င်းတို့ဟာ အရေးပါတာကြောင့် တော်လှန်ရေးအဖွဲ့တွေက ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီလိုသတင်းပေးထောက်ခံသူတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ကြံ့ဖွတ်ပါတီဝင်တွေနေ့စဉ် တိုက်ခိုက်ခံနေရမှုအပေါ် မင်းအောင်လှိုင်ရဲ့ စစ်တပ်က အကာ အကွယ် မပေးနိုင်ခဲ့ပါဘူး။ ဒါ့အပြင် အကာကွယ်ပေးဖို့ တောင်းဆိုမှုတွေကို လက်နက်​​ပေးမည်ဟုသာ ချွေးသိပ်ခဲ့ပြီး တကယ့်လက်တွေ့မှာတော့ တုတ်အတို တစ်ချောင်းတောင်မပေးခဲ့ပါဘူး။

အညာဒေသမှာဆိုရင် ၎င်းခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ တိုက်ခိုက်ခံရလို့ ဖုန်းဆက် ခေါ်ဆိုတာတောင် တည်ငြိမ်ပြီဆိုမှသာ စစ်တပ်က လာလေ့ရှိပါတယ်။ စစ်ကူကို အချိန်မီရောက်အောင်မပို့နိုင်တဲ့အပြင် တိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးအလောင်းတွေကိုတောင် ၎င်းတို့အစီစဉ်နဲ့ သယ်ယူတာမျိူးလုပ်ဆောင်လေ့မရှိပါဘူး။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေ့က မကွေးမြို့ပေါ် ဆန္ဒပြပွဲ။

ပျူစောထီးအားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ စစ်တပ်က တပ်စခန်းထိုင်ဖို့အရေး ပျူစောထီးကျေးရွာတွေက အလုအယက်ခေါ်ကြရပါတယ်။ စစ်သားတွေ တပ်ချတဲ့အခါ အရက်ဖိုးကအစ ပျူရွာတွေက တာဝန်ယူရပေမဲ့ အဲဒီပျူရွာတွေကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းချိန်မှာတော့ ရှေ့ဆုံးက ပြေးတာ စစ်ကောင်စီတပ်က ကောင်တွေပါပဲ။

အသက်ကိုဥာဏ်စောင့်သည် ဆိုသကဲ့သို့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုသည့်အတိုင်း မင်းအောင်လှိုင်လက်အောက်ခံတွေက ၎င်းတို့ မသေဖို့အရေး ရှေ့ဆုံးကပြေးကြတာပါပဲ။ လက်ခတ်တောင်ကိုကြည့်လျင်သိနိုင်ပါတယ်။ ဘန်ကာတွေ ဘုရားစေတီအဆောက်ဦတွေနဲ့ အခိုင်မာတည်ဆောက်ထားနိုင်ပေမဲ့ ကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်ရင် အသက်ဆုံးရှုံးမှာဖြစ်တဲ့အတွက် စခန်းတစ်ခုလုံးပြေးကြရတာပါပဲ။

ဒီလက်ခတ်တောင်ကို ပြန်လည်ရရှိဖို့ ခုချိန်ထိကြိုးစားနေကြပြီး နေ့စဉ်တိုက်ပွဲ ပြင်းထန်နေပေမဲ့ စစ်တပ်ဘက်ကသာ အကျဆုံးများနေတာပါ။ လူအင်အား၊ လက်နက်အင်အား ၊လေကြောင်းပစ်ကူ များစွာ ကွာဟနေပေမဲ့ စစ်တပ်ရဲ့လက်အောက်ခံတွေဟာ စိတ်ဓာတ်မရှိတာကြောင့် နေ့စဉ်သေဆုံးနေရတာပါ။

လက်နက်ပစ္စည်း ကွာခြားမှု မြင့်မားနေပေမဲ့ ရည်မှန်းချက်ပန်းတိုင်ရှိတဲ့ ကာကွယ်ရေးတပ်တွေရဲ့ ထိုးစစ်၊ ခုခံစစ်တွေဟာ စစ်တပ်ရဲ့ အိပ်မက်ဆိုးတွေဖြစ်လို့လာနေပါပြီ။ သာသနာပြုမင်းလို့ အခေါ်ခံချင်ပေမဲ့ မတရား ရယူထားတဲ့နေရာမပျောက်ရေး နတ်ကိုးကွယ်နေရတဲ့ မင်းအောင်လှိုင်ရဲ့ အဖြစ်ဟာလည်း အတော်လေး ဆိုးလာပါပြီ။ ခုနောက်ပိုင်း ဌာနဆိုင်ရာ အစည်းဝေးတွေမှာ ဟန်မဆောင်နိုင်အောင်ပဲ ဒေါသတွေထွက်နေတာကိုကြည့်ရင် ဘယ်အချိန်အသေဆိုးမလဲ စောင့်ရတော့မှာပါပဲ။ ။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေ့က မကွေးမြို့ပေါ် ဆန္ဒပြပွဲ။

#RedNewsAgency

By Editor