စစ်ကောင်စီတပ် မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအား တိုက်ခိုက်သိမ်းပိုက် 

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား ယနေ့ နံနက် (၄) နာရီ (၃၀) မိနစ်ခန့်က စတင်တိုက်ခိုက်ကာ နံနက် (၅) နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

မယ်စိထာ ဂိတ်စခန်းသည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ကြားတွင်တည်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၅) ဦးသေဆုံးကာ (၁၀) ဦးထွက်ပြေးသွားကြောင်း၊ ပစ္စတို MA 5 (၁)လက်၊ K3 79 (၁)လက်၊ K3 (၃) လက်၊ ကျည်ဘောက် (၂၀) ခု၊ ကျည်ဆံ (၁၅၀၀)တောင့်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်း တပ်ဖွဲ့မှ သိမ်းယူနိုင်ခဲ့သည်။

စစ်ကောင်စီတပ် စကခ (၈) လက်အောက်ခံ ခမရ (၄၀၁) တပ်ရင်း လက်အောက်ခံ မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းသည် အချက်အချာကျပြီး ခရီးသွားပြည်သူများအား စစ်ဆေးခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စခန်းအတွင်း ခေါ်ယူကာ လူသားဒိုင်းပြုလုပ်ခြင်းများ ကျူးလွန်နေသည့် ဂိတ်စခန်းဖြစ်ကြောင်း၊ သထုံခရိုင် -KNLA အမှတ် (၁) တပ်မဟာ ဗျူဟာ ရုံးထိုင်မှူး ဗိုလ်ကြီး စောရမ်ဗိုနှင့် မူတြော်ခရိုင် KNLA တပ်ရင်း (၁၀၂) ဒုတပ်ရင်းမှူး ဗိုလ်ကြီးဗိုလ်တောတို့ ဦးဆောင်တိုက်ခိုက်ခဲ့သည်ဟု KNU ကထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor