ဟိုးအဝေးကြီးက နိုင်ငံတကာတပ်တွေကို အာတူးပီ ဆိုပြီး မျှော်လင့်တောင်းဆိုနေမယ့် အစား၊ ကျနော်တို့ နိုင်ငံထဲမှာပဲ ပြည်သူတွေနဲ့ အနီးဆုံးရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို အာတူးပီ မူဝါဒနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ဖို့ ပိုပြီး တောင်းဆိုသင့်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ဖွဲ့စည်းတည်ထောင်ကြတဲ့ ရည်ရွယ်ချက်ကိုယ်တိုင်က တိုင်းရင်းသားတွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ မြန်မာစစ်တပ်နဲ့ အာဏာရှင်အစိုးရတွေကို ဆန့်ကျင်တော်လှန်ဖို့လို့ ဆိုကြတယ် မဟုတ်လား
အောင်ဒင်
(၁) လွန်ခဲ့တဲ့ ၇၆ နှစ်၊ ၁၉၄၅ ခုနှစ်၊ မတ်လမှာ မြန်မာပြည်သူတွေက မြန်မာနိုင်ငံကို အနိုင်ကျင့်အုပ်ချုပ်နေတဲ့ ဖက်ဆစ်ဂျပန်တွေကို တွန်းလှန်မောင်းထုတ်ခဲ့ကြပါတယ်။ အဲဒီတုန်းက ဖက်ဆစ်တော်လှန်ရေးမှာ မြန်မာပြည်သူများနဲ့အတူ ဖက်ဆစ်ဂျပန်တွေကို တွန်းလှန်မောင်းထုတ်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်ကတော့ မူလတည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက်ပိုင်း ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ စတဲ့ စစ်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူလူထုအကျိုးစီးပွါးကို အကာအကွယ်ပေးတဲ့ တပ်မတော်အဖြစ်ကနေ စစ်အာဏာရှင်များရဲ့ အာဏာတည်မြဲရေးကို အထောက်အကူပြုတဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့များအဖြစ် အသွင်ကူး ပြောင်းခဲ့ပါတယ်။ အခု နောက်ဆုံး မင်းအောင် လှိုင် လက်ထက်မှာတော့ မြန်မာ့တပ်မတော်ဟာ မြန်မာပြည်သူများကို အကြမ်းဖက်၊ သတ်ဖြတ်၊ နှိပ်စက်နေတဲ့ ဖက်ဆစ်တပ်ဖွဲ့ကြီးအဖြစ် အဆိုးဝါးဆုံး ပြောင်းလဲ သွားခဲ့ပါပြီ။ ပထမအကြိမ် ဖက်ဆစ်တော်လှန်ရေးကြီးအပြီး ၇၆ နှစ်အကြာ၊ ၂၀၂၁ ခုနှစ်မှာ မြန်မာပြည်သူများဟာ နွေဦးတော်လှန်ရေးအမည်နဲ့ ဒုတိယအကြိမ် ဖက်ဆစ်တော်လှန်ရေးကြီးကို ရဲရဲတောက် ဆင်နွှဲနေကြပါပြီ။
(၂) ဒီတစ်ကြိမ်မှာလည်း မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်တပ်တွေကို မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားပြည်သူများအားလုံးက ညီညီညွတ်ညွတ် ဆန့်ကျင်တော်လှန်နေကြတာပါ။ မြစ်ကြီးနားအစ၊ ရန်ကုန်အလယ်၊ ကော့သောင်းအဆုံး မြို့ပေါင်းစုံ၊ ရွာပေါင်းစုံ၊ မြေပြန့်ကနေ တောင်တန်းတွေအထိ ဒေသပေါင်းစုံ၊ အစိုးရဋ္ဌာနများမှ ပုဂ္ဂလိက လုပ်ငန်းများအထိ လုပ်ငန်းပေါင်းစုံ၊ ဂျင်နရေးရှင်း ဇီ (Generation Z) လို့ ခေါ်ကြတဲ့ မျိုးဆက်သစ် လူငယ်လေးများက စလို့ ကျနော်တို့လို မျိုးဆက်ဟောင်းကြီးများအထိ မျိုးဆက်ပေါင်းစုံ၊ ပြီးတော့ ဗမာကစလို့ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း၊ ပအို့၊ တအောင်းပလောင်၊ အင်းသား၊ ဝ၊ စသည်ဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဒီ ဒုတိယအကြိမ် ဖက်ဆစ်တော်လှန်ရေးကြီးမှာ ပါဝင်ဆင်နွှဲနေကြတာပါ။
