ဟိုးအဝေးကြီးက နိုင်ငံတကာတပ်တွေကို အာတူးပီ ဆိုပြီး မျှော်လင့်တောင်းဆိုနေမယ့် အစား၊ ကျနော်တို့ နိုင်ငံထဲမှာပဲ ပြည်သူတွေနဲ့ အနီးဆုံးရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို အာတူးပီ မူဝါဒနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ဖို့ ပိုပြီး တောင်းဆိုသင့်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ဖွဲ့စည်းတည်ထောင်ကြတဲ့ ရည်ရွယ်ချက်ကိုယ်တိုင်က တိုင်းရင်းသားတွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ မြန်မာစစ်တပ်နဲ့ အာဏာရှင်အစိုးရတွေကို ဆန့်ကျင်တော်လှန်ဖို့လို့ ဆိုကြတယ် မဟုတ်လား
အောင်ဒင်
(၁) လွန်ခဲ့တဲ့ ၇၆ နှစ်၊ ၁၉၄၅ ခုနှစ်၊ မတ်လမှာ မြန်မာပြည်သူတွေက မြန်မာနိုင်ငံကို အနိုင်ကျင့်အုပ်ချုပ်နေတဲ့ ဖက်ဆစ်ဂျပန်တွေကို တွန်းလှန်မောင်းထုတ်ခဲ့ကြပါတယ်။ အဲဒီတုန်းက ဖက်ဆစ်တော်လှန်ရေးမှာ မြန်မာပြည်သူများနဲ့အတူ ဖက်ဆစ်ဂျပန်တွေကို တွန်းလှန်မောင်းထုတ်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်ကတော့ မူလတည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက်ပိုင်း ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ စတဲ့ စစ်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူလူထုအကျိုးစီးပွါးကို အကာအကွယ်ပေးတဲ့ တပ်မတော်အဖြစ်ကနေ စစ်အာဏာရှင်များရဲ့ အာဏာတည်မြဲရေးကို အထောက်အကူပြုတဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့များအဖြစ် အသွင်ကူး ပြောင်းခဲ့ပါတယ်။ အခု နောက်ဆုံး မင်းအောင် လှိုင် လက်ထက်မှာတော့ မြန်မာ့တပ်မတော်ဟာ မြန်မာပြည်သူများကို အကြမ်းဖက်၊ သတ်ဖြတ်၊ နှိပ်စက်နေတဲ့ ဖက်ဆစ်တပ်ဖွဲ့ကြီးအဖြစ် အဆိုးဝါးဆုံး ပြောင်းလဲ သွားခဲ့ပါပြီ။ ပထမအကြိမ် ဖက်ဆစ်တော်လှန်ရေးကြီးအပြီး ၇၆ နှစ်အကြာ၊ ၂၀၂၁ ခုနှစ်မှာ မြန်မာပြည်သူများဟာ နွေဦးတော်လှန်ရေးအမည်နဲ့ ဒုတိယအကြိမ် ဖက်ဆစ်တော်လှန်ရေးကြီးကို ရဲရဲတောက် ဆင်နွှဲနေကြပါပြီ။
(၂) ဒီတစ်ကြိမ်မှာလည်း မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်တပ်တွေကို မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားပြည်သူများအားလုံးက ညီညီညွတ်ညွတ် ဆန့်ကျင်တော်လှန်နေကြတာပါ။ မြစ်ကြီးနားအစ၊ ရန်ကုန်အလယ်၊ ကော့သောင်းအဆုံး မြို့ပေါင်းစုံ၊ ရွာပေါင်းစုံ၊ မြေပြန့်ကနေ တောင်တန်းတွေအထိ ဒေသပေါင်းစုံ၊ အစိုးရဋ္ဌာနများမှ ပုဂ္ဂလိက လုပ်ငန်းများအထိ လုပ်ငန်းပေါင်းစုံ၊ ဂျင်နရေးရှင်း ဇီ (Generation Z) လို့ ခေါ်ကြတဲ့ မျိုးဆက်သစ် လူငယ်လေးများက စလို့ ကျနော်တို့လို မျိုးဆက်ဟောင်းကြီးများအထိ မျိုးဆက်ပေါင်းစုံ၊ ပြီးတော့ ဗမာကစလို့ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း၊ ပအို့၊ တအောင်းပလောင်၊ အင်းသား၊ ဝ၊ စသည်ဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဒီ ဒုတိယအကြိမ် ဖက်ဆစ်တော်လှန်ရေးကြီးမှာ ပါဝင်ဆင်နွှဲနေကြတာပါ။
(၃) ဒီ ဒုတိယအကြိမ် ဖက်ဆစ်တော်လှန်ရေးကြီးက ပိုပြီး ကြမ်းတမ်းခက်ခဲပါတယ်။ မင်းအောင်လှိုင်ဖက်ဆစ်တပ်တွေဟာ ဂျပန်ဖက်ဆစ်တွေထက် ပိုပြီး မြန်မာနိုင်ငံသားအချင်းချင်းပေါ်မှာ ယုတ်မာကောက်ကျစ်ကြပါတယ်။
အာဏာသိမ်းပြီး ၂ လလောက်အတွင်းမှာပဲ မင်းအောင်လှိုင် ဖက်ဆစ်တပ်တွေက မြန်မာပြည်သူ ၆၀၀ ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီးပါပြီ။ ပြည်သူ ၃၀၀၀ ကျော်ကို အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးနှိပ်စက်နေကြပါပြီ။ မြို့တိုင်း၊ နယ်တိုင်းကို အကြမ်းဖက်စီးနင်းဝင်ရောက်ပြီး လက်နက်ကြီးတွေ၊ လက်ဖြောင့်သေနတ်သမားတွေကို သုံးလို့ ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ချေမှုန်းနေကြပါပြီ။ တိုင်းရင်းသားတွေရဲ့ နယ်မြေဒေသတွေမှာလည်း တိုက်လေယဉ်တွေ၊ အမြောက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ တိုင်းရင်းသားပြည်သူတွေ ကျဆုံးပြီး စစ်ပြေးဒုက္ခသည် သောင်းနဲ့ချီပြီး တိုးလာနေပါပြီ။
(၄) ဒီလိုအခြေအနေမျိုးမှာ မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများရဲ့ အကူအညီကို သဘာဝကျကျ တောင်းဆိုကြ၊ မျှော်လင့်ကြပါတယ်။ လက်နက်မဲ့ ပြည်သူတွေကို လက်နက်ကိုင်အကြမ်းဖက်သမားတွေက သတ်ဖြတ်နှိပ်စက်နေတာတွေကို ကယ်တင်ဖို့ နိုင်ငံတကာအစိုးရတွေမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြဋ္ဌာန်းထားတဲ့ အာတူးပီ (R2P/ Responsibility to Protect) ဆိုတဲ့ မူဝါဒအတိုင်း မြန်မာပြည်သူတွေကို မင်းအောင်လှိုင်ဖက်ဆစ်တပ်များရဲ့ အကြမ်းဖက်မှုများကနေ နိုင်ငံတကာတပ်ဖွဲ့များက လာရောက်ကယ်တင်ပေးဖို့ မြန်မာပြည်သူများက အထူးလိုလားတောင်းဆိုနေကြတာပါ။
(၅) ဒါပေမယ့်လည်း လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံအရေးအတွက် ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ။ မင်းအောင်လှိုင်ဖက်ဆစ်တပ်ကို အကာအကွယ်ပေးနေတဲ့ တရုတ်နဲ့ ရုရှားအစိုးရများက လုံခြုံရေးကောင်စီမှာ တင်သွင်းလာမယ့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းတွေကို ဗီတိုအာဏာနဲ့ ပယ်ချမှာပါ။ တရုတ်နဲ့ ရုရှားက လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံနဲ့ပါတ်သက်လို့ ကြေညာချက်တွေ ထုတ်ပြန်တာလောက်ပဲ ခွင့်ပြုပါလိမ့်မယ်။ အားလုံးသိတဲ့အတိုင်း ကြေညာချက်တွေဟာ အရာမရောက်ပါ။ ကြေညာချက်တွေက မင်းအောင်လှိုင်ဖက်ဆစ်တပ်တွေရဲ့ လူသတ်မှုတွေကို မတားဆီးနိုင်ပါ။
(၆) ဒါဆိုရင် ကျနော်တို့အနေနဲ့ ဟိုးအဝေးကြီးက နိုင်ငံတကာတပ်တွေကို အာတူးပီ ဆိုပြီး မျှော်လင့်တောင်းဆိုနေမယ့် အစား၊ ကျနော်တို့ နိုင်ငံထဲမှာပဲ ပြည်သူတွေနဲ့ အနီးဆုံးရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို အာတူးပီ မူဝါဒနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ဖို့ ပိုပြီး တောင်းဆိုသင့်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ဖွဲ့စည်းတည်ထောင်ကြတဲ့ ရည်ရွယ်ချက်ကိုယ်တိုင်က တိုင်းရင်းသားတွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ မြန်မာစစ်တပ်နဲ့ အာဏာရှင်အစိုးရတွေကို ဆန့်ကျင်တော်လှန်ဖို့လို့ ဆိုကြတယ် မဟုတ်လား။ အခုလို အချိန်မျိုးမှာ မင်းအောင်လှိုင်ဖက်ဆစ်တပ်တွေရဲ့ အကြမ်းဖက်အနိုင်ကျင့်ခံနေရတဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေမှာ ဟိုးအဝေးကြီးက နိုင်ငံခြားအစိုးရတွေထက် ပိုပြီး တာဝန်ရှိတယ် မဟုတ်ပါလား။
(၇) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပေါင်းရင် လက်နက်ကိုင်တပ်ဖွဲ့အင်အား တစ်သိန်းကျော်လောက် ရှိပါလိမ့်မယ်။ ဒီအင်အားတွေ စုပေါင်းပြီး နယ်စပ်ဒေသတွေကနေ မင်းအောင်လှိုင်ဖက်ဆစ်တပ်တွေကို တိုက်ခိုက်ချေမှုန်းကြမယ်ဆိုရင် ပြည်တွင်းက ပြည်သူတွေရဲ့ ဆန့်ကျင်တော်လှန်မှုနဲ့ ပေါင်းပြီး ကျနော်တို့ ပြည်သူတွေ အောင်ပွဲရနိုင်ပါတယ်။ ဒီနေရာမှာ သတိပြုဖို့က ဒီ နွေဦးတော်လှန်ရေး (သို့မဟုတ်) ဒုတိယအကြိမ် ဖက်ဆစ်တော်လှန်ရေးကြီးဟာ မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ခွင့်ရနေတဲ့ အစဉ်အလာကြီးတစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းနိုင်မယ့် အခွင့်အရေးကြီး တစ်ခုဆိုတာပါ။ အာဆီယံနိုင်ငံတွေနဲ့ တရုတ်၊ ရုရှားတို့က ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေကို စေ့စပ်ဆွေးနွေးဖြေရှင်းသင့်တယ်တဲ့။ တချို့ နိုင်ငံရေးသုခမိန်ကြီးတွေကလည်း စစ်တပ်ဟာ ပြသနာဖြစ်သလို စစ်တပ်မပါပဲ ပြသနာကို ဖြေရှင်းလို့ မရနိုင်ဘူးတဲ့။ အဲဒီအယူအဆတွေအတိုင်းဆိုရင် တချိန်ချိန်မှာ စေ့စပ်ဆွေးနွေးညှိနှိုင်းဖို့ အကြောင်းပေါ်လာရင်တောင်မှ မင်းအောင်လှိုင်ဖက်ဆစ်တပ်တွေဟာ မြန်မာ့နိုင်ငံရေးမှာ ဆက်လက်တည်ရှိနေဦးမှာပါ။ ကျနော့် အမြင်ကတော့ မင်းအောင်လှိုင်ဖက်ဆစ်တပ်ကြီးဟာ မြန်မာနိုင်ငံရဲ့ အဓိက ပြသနာဖြစ်ပြီး အဲဒီ ဖက်ဆစ်တပ်ကြီးကို အပြီးတိုင် ဖျက်သိမ်းရေးသာလျင် မြန်မာနိုင်ငံရဲ့ အဖြေဖြစ်ပါတယ်။ အဲဒီ အဖြေကို ရဖို့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများရဲ့ ပူးပေါင်းပါဝင်မှုကို လိုအပ်ပါတယ်။