စစ်အုပ်စုအကျိုးစီးပွားကို အကြီးအကျယ်ကယ်တင်ပေးခဲ့တဲ့ကိစ္စကတော့ ICJ နိုင်ငံတကာရာဇဝတ်တရားရုံးက စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပေါ် တရားစွဲခဲ့စဉ်က နယ်သာလန် သည်ဟိဂ်မြို့အထိ သွားရောက်ပြီး စစ်အုပ်စုကို ခုခံကာကွယ်ပေးခဲ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်
ကျော်ကိုကို
အခုအပတ်မှာ လူပြောသူပြောအများဆုံးနဲ့ အငြင်းပွားမှုအဖြစ်ဆုံး နိုင်ငံရေးကိစ္စကို ပြပါဆိုရင် ရွေးကောက်ပွဲမှာ မဲပေးမလား မပေးဘူးလားဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။မဲမပေးဘူးလို့ ပြောတဲ့သူတွေကို လက်ရှိအာဏာရပါတီ အမာခံထောက်ခံသူတွေက ရန်လိုမုန်းထားပြီး ထိုးနှက်တိုက်ခိုက်နေကြတဲ့ အရေးအသားတွေကိုလည်း တွေ့ရပါတယ်။ဒီလိုတိုက်ခိုက်ကြတဲ့ အရေးအသားတွေထဲမှာ တချို့ကလည်း လူကြီးလူကောင်းဆန်ဆန် ယဉ်ယဉ်ကျေးကျေး ရေးသားဆွေးနွေးပြီး တချို့ကျတော့ ရိုင်းစိုင်းတဲ့အရေးအသားတွေ၊ အမုန်းစကားတွေနဲ့ ပြောဆိုရေးသားတဲ့အနေအထားအထိ ရောက်ရှိခဲ့ရပါတယ်။ဒီလို အငြင်းအခုန်ဖြစ်တဲ့နေရာမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက “မဲသွားမပေးရင် စစ်တပ်အကြိုက်ဖြစ်သွားလိမ့်မယ်” တို့၊ “ဒီချုပ်မဲမရရင် စစ်အုပ်ချုပ်ရေးပြန်ဖြစ်သွားမှာပေါ့”စသဖြင့် လိုရာဆွဲပြီး မဲမဲမြင်ရာ လိုက်ဖောင်းထုနေသလို ဖြစ်နေပါတယ်။အကဲဒဲလ်မစ်ဆန်ဆန် လူ့အခွင့်အရေးတွေ၊ဒီမိုကရေစီတွေလုံးဝ ထည့်မတွေးတော့ဘဲ အာဏာရပါတီကြီးဘက်လိုက်ပြီး ဇွတ်အတင်းအဓမ္မ မဲဆွယ်နေတာကို တွေ့နေရပါတယ်။
အမှန်တကယ်က နိုင်ငံသားတယောက်မှာ သူ့ကိုယ်ပိုင် မွေးရာပါအခွင့်အရေးအရ ဘယ်နိုင်ငံရေးပါတီကိုမှလည်း မထောက်ခံဘဲ နေပိုင်ခွင့်ရှိတယ်၊ ထောက်ခံချင်တဲ့ပါတီကို ထောက်ခံပိုင်ခွင့်လည်းရှိတယ်။ မဲမပေးဘဲ နေပိုင်ခွင့်ရှိသလို ရွေးကောက်ပွဲကို ဆန့်ကျင်ချင်လည်း ဆန့်ကျင်လို့ရတယ်။အစိုးရကို အသိအမှတ်မပြုဘဲနေလို့ရသလို ကိုယ်မကြိုက်တဲ့အစိုးရကို နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခွင့်လည်းရှိတယ်။ဒါက လစ်ဘရယ်ဒီမိုကရေစီအရ လက်သင့်ခံထားတဲ့ နိုင်ငံရေးအယူအဆဆိုင်ရာ စံနှုန်း၊တန်ဖိုးတွေပါပဲ။သို့ပေမယ့် အခု အာဏာရပါတီထောက်ခံနေကြသူများလုပ်ပုံကတော့ လူတဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတဲ့ လစ်ဘရယ်အခြေခံပေါ်မှာလည်း ရပ်တည်နေတာမျိုးမဟုတ်ဘဲ စစ်အာဏာရှင်တွေ တလျောက်လုံးကျင့်သုံးလာသလို မလုပ်မနေရ၊မထည့်မနေရ၊မဖြစ်မနေ ထောက်ခံရမယ်ဆိုတဲ့ အတင်းအကြပ်လုပ်ဟန်ဘက်ကို ပိုယိမ်းနေတာ သင်းတို့ရဲ့ အတ္တနောမတိတွေကြည့်တာနဲ့တင် သိသာလွန်းအားကြီးနေပါတယ်။
ဒီလိုဆိုတော့ ကျနော်တို့အနေနဲ့ မဲမပေးချင်ရင် မပေးဘဲနေပိုင်ခွင့်ဆိုတဲ့ဘက်နဲ့ အတင်းအကြပ် NLD ကို မဲပေးခိုင်းနေတဲ့ဘက်( No vote Vs Do Vote) ဒီနှစ်ဘက်စလုံးကို ဆန်းစစ်ကြည့်ဖို့လိုလာပါပြီ။အရင်ဆုံး NLD ပါတီဘက်က ဘာလို့မဲချည်းပေးခိုင်းနေတာလဲဆိုတာ အရင် ကြည့်ကြရအောင်။
