မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

စစ်အုပ်စုအကျိုးစီးပွားကို အကြီးအကျယ်ကယ်တင်ပေးခဲ့တဲ့ကိစ္စကတော့ ICJ နိုင်ငံတကာရာဇဝတ်တရားရုံးက စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပေါ် တရားစွဲခဲ့စဉ်က ‌နယ်သာလန် သည်ဟိဂ်မြို့အထိ သွားရောက်ပြီး စစ်အုပ်စုကို ခုခံကာကွယ်ပေးခဲ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်

ကျော်ကိုကို

အခုအပတ်မှာ လူပြောသူပြောအများဆုံးနဲ့ အငြင်းပွားမှုအဖြစ်ဆုံး နိုင်ငံရေးကိစ္စကို ပြပါဆိုရင် ရွေးကောက်ပွဲမှာ မဲပေးမလား မပေးဘူးလားဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။မဲမပေးဘူးလို့ ပြောတဲ့သူတွေကို လက်ရှိအာဏာရပါတီ အမာခံထောက်ခံသူတွေက ရန်လိုမုန်းထားပြီး ထိုးနှက်တိုက်ခိုက်နေကြတဲ့ အရေးအသားတွေကိုလည်း တွေ့ရပါတယ်။ဒီလိုတိုက်ခိုက်ကြတဲ့ အရေးအသားတွေထဲမှာ တချို့ကလည်း လူကြီးလူကောင်းဆန်ဆန် ယဉ်ယဉ်ကျေးကျေး ရေးသားဆွေးနွေးပြီး တချို့ကျတော့ ရိုင်းစိုင်းတဲ့အရေးအသားတွေ၊ အမုန်းစကားတွေနဲ့ ပြောဆိုရေးသားတဲ့အနေအထားအထိ ရောက်ရှိခဲ့ရပါတယ်။ဒီလို အငြင်းအခုန်ဖြစ်တဲ့နေရာမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက “မဲသွားမပေးရင် စစ်တပ်အကြိုက်ဖြစ်သွားလိမ့်မယ်” တို့၊ “ဒီချုပ်မဲမရရင် စစ်အုပ်ချုပ်ရေးပြန်ဖြစ်သွားမှာပေါ့”စသဖြင့် လိုရာဆွဲပြီး မဲမဲမြင်ရာ လိုက်ဖောင်းထုနေသလို ဖြစ်နေပါတယ်။အကဲဒဲလ်မစ်ဆန်ဆန် လူ့အခွင့်အရေးတွေ၊ဒီမိုကရေစီတွေလုံးဝ ထည့်မတွေးတော့ဘဲ အာဏာရပါတီကြီးဘက်လိုက်ပြီး ဇွတ်အတင်းအဓမ္မ မဲဆွယ်နေတာကို တွေ့နေရပါတယ်။

အမှန်တကယ်က နိုင်ငံသားတယောက်မှာ သူ့ကိုယ်ပိုင် ‌မွေးရာပါအခွင့်အရေးအရ ဘယ်နိုင်ငံရေးပါတီကိုမှလည်း မထောက်ခံဘဲ နေပိုင်ခွင့်ရှိတယ်၊ ထောက်ခံချင်တဲ့ပါတီကို ထောက်ခံပိုင်ခွင့်လည်းရှိတယ်။ မဲမပေးဘဲ နေပိုင်ခွင့်ရှိသလို ရွေးကောက်ပွဲကို ဆန့်ကျင်ချင်လည်း ဆန့်ကျင်လို့ရတယ်။အစိုးရကို အသိအမှတ်မပြုဘဲနေလို့ရသလို ကိုယ်မကြိုက်တဲ့အစိုးရကို နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခွင့်လည်းရှိတယ်။ဒါက လစ်ဘရယ်ဒီမိုကရေစီအရ လက်သင့်ခံထားတဲ့ နိုင်ငံရေးအယူအဆဆိုင်ရာ စံနှုန်း၊တန်ဖိုးတွေပါပဲ။သို့ပေမယ့် အခု အာဏာရပါတီထောက်ခံနေကြသူများလုပ်ပုံကတော့ လူတဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတဲ့ လစ်ဘရယ်အခြေခံပေါ်မှာလည်း ရပ်တည်နေတာမျိုးမဟုတ်ဘဲ စစ်အာဏာရှင်တွေ တလျောက်လုံးကျင့်သုံးလာသလို မလုပ်မနေရ၊မထည့်မနေရ၊မဖြစ်မနေ ထောက်ခံရမယ်ဆိုတဲ့ အတင်းအကြပ်လုပ်ဟန်ဘက်ကို ပိုယိမ်းနေတာ သင်းတို့ရဲ့ အတ္တနောမတိတွေကြည့်တာနဲ့တင် သိသာလွန်းအားကြီးနေပါတယ်။

ဒီလိုဆိုတော့ ကျနော်တို့အနေနဲ့ မဲမပေးချင်ရင် မပေးဘဲနေပိုင်ခွင့်ဆိုတဲ့ဘက်နဲ့ အတင်းအကြပ် NLD ကို မဲပေးခိုင်းနေတဲ့ဘက်( No vote Vs Do Vote) ဒီနှစ်ဘက်စလုံးကို ဆန်းစစ်ကြည့်ဖို့လိုလာပါပြီ။အရင်ဆုံး NLD ပါတီဘက်က ဘာလို့မဲချည်းပေးခိုင်းနေတာလဲဆိုတာ အရင် ကြည့်ကြရအောင်။

(၁) အစိုးရဆက်ဖွဲ့ခွင့်ရအောင်လို့

ဒါကတော့ ရှင်းပါတယ်။နောက် ၅နှစ်သက်တမ်း ထပ်အုပ်ချုပ်ချင်သေးတယ်လို့ ယူဆရတယ်။သူတို့က ရသာရရင် တသက်လုံးတောင် သူတို့တပါတီပဲ အစိုးရလုပ်ချင်နေကြတာကိုး။အစိုးရအလုပ်ကို ဖြစ်ဖြစ်မြောက်မြောက် လုပ်တာ မလုပ်တာ အပထား၊ လစာကောင်းကောင်းနဲ့ အိမ်၊ကားအစရှိသဖြင့် အထောက်အပံ့မျိုးစုံရတဲ့ ဝန်ကြီးရာထူး သမ္မတရာထူးတွေအပြင် မဖြစ်ညစ်ကျယ် တိုင်းဒေသကြီး/ပြည်နယ်အမတ်အဆင့်လောက်ကို သာယာနေတဲ့‌သူတွေ အများကြီးရှိပါတယ်။

(၂)အခြားပါတီတွေကို အနိုင်ယူချင်လို့

ဒီနေရာမှာလည်းပဲ NLDဟာ အဓိကပြိုင်ဖက်ပါတီ ကြံ့ဖွတ်ကိုတင် အသာစီးယူချင်တာမဟုတ်ဘဲ သူတို့ကလွဲရင် ဘယ်ပါတီမဆို ဝါးလုံးရှည်နဲ့သိမ်းကြုံးရမ်းပြီး အနိုင်ပိုင်းချင်နေတာကိုတွေ့ရတယ်။‌တောင်တန်းဒေသ ပြည်နယ်တွေမှာရော ဗမာအများစုနေထိုင်ရာ‌မြေပြန့်ဒေသက လူနည်းစုတိုင်းရင်းသားပါတီတွေကိုပါ စည်းရုံးစုစည်းပြီး မဟာမိတ်ဖွဲ့ထားရမယ့်အစား နေရာတကာ ပြိုင်ဖက်လို သဘောထားပြီး ဝင်ပြိုင်နေတာဟာ မဟာဗျူဟာမဲ့တဲ့ စဉ်းစားနည်းလို့ အလွယ်မှတ်ချက်ချလို့ရသလို တပါတီစနစ် ပါလီမန်ဒီမိုကရေစီပုံစံကျင့်သုံးတဲ့ စင်္ကာပူလို ရုရှားလို နှစ်ပေါင်းများစွာ သူတို့ပဲ လွှမ်းမိုးအုပ်ချုပ်ဖို့ ကြိုးစားနေတဲ့လမ်းစဉ်ဖြစ်နေပါတယ်။

(၃)စစ်အာဏာရှင်စနစ်ကို ဆက်လက်ကာကွယ်အလုပ်အကျွေးပြုခွင့်ရရှိဖို့

စစ်အာဏာရှင်စနစ်ကို ဒီချုပ်အစိုးရက ကာကွယ်သလား အလုပ်အကျွေးပြုသလား မင်းမသေချာဘဲ မစွပ်စွဲနဲ့တို့၊ အထောက်အထားခိုင်လုံမှပြောတို့ ကျနော့်ကို တုန့်ပြန်လာရင် ပြစရာအထောက်အထားတလှေကြီးနဲ့တင်ပြပါမယ်။

ပထမဆုံး ဒီချုပ်အစိုးရမဖြစ်ခင်ကတည်းက ဒေါ်စုကို လက်ပံတောင်းတောင်နဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ဥက္ကဌခန့်အပ်လိုက်ကတည်းက လက်ပံတောင်းဒေသခံပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ သဲထဲရေသွန်ဖြစ်ခဲ့ရတာပါပဲ။သံဃာတွေကို မီးလောင်ဗုံးနဲ့ပစ်တဲ့ သိန်းစိန်အစိုးရတာဝန်ရှိသူတဦးတယောက်ကိုမှ ဖော်ထုတ်အရေးမယူနိုင်ဘဲ မီးလောင်ဗုံးကိုတောင် အစီရင်ခံစာမှာ မီးခိုးဗုံးလို့ လှီးလွှဲဖော်ပြတဲ့အထိ စစ်အုပ်စုကို အကာအကွယ်ပေးခဲ့သူပါ။မီးခိုးဗုံးလို့ လာငြင်းရင်တော့ ဓာတုဗေဒပညာရှင်တွေရဲ့ အဖြေနဲ့ သံဃာတွေရဲ့ ခန္ဓာကိုယ်ပေါ်က မီးလောင်ဒဏ်ရာတွေပြပြီး ပြန်ချေပရပါလိမ့်မယ်။

နောက်တခုထပ်ပြောရရင် ဒီချုပ်တပါတီလုံး ‌မဲနိုင်ပြီး အစိုးရဖွဲ့ဖို့မပြင်ဆင်နိုင်သေးခင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရခဲ့စဉ်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်ဆိုပြီး ကျမ်းကျိန်ခဲ့သေးတာပဲ မဟုတ်လား။သူတို့အစိုးရသက်တမ်းမှာ ဖွဲ့စည်းပုံပြင်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ၂၀၁၅မှာ မဲတောင်းခဲ့ပေမယ့် လက်တွေ့မှာ စကားရပ်အစားထိုးတာလောက်ပဲ လုပ်နိုင်ခဲ့တာကို မြင်ရပါတယ်။စစ်အုပ်စုက ခွင့်ပြုသလောက်ပဲ လုပ်နေကြတာလို့ ယူဆပါတယ်။စစ်အုပ်စုသာ ခွင့်မပြုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ နငယ်ကိုတောင် အမြီးရှည်ရှည်တပ်ရဲတဲ့ပါတီမဟုတ်ပါဘူး။

စစ်အာဏာရှင်တွေရဲ့အကျိုးစီးပွားကို အဓိကကာကွယ်ပေးခဲ့တဲ့နေရာက နိုင်ငံတကာမျက်နှာစာမှာပါ။အိုဘားမားလက်ထက်က စစ်အုပ်စုအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်းခဲ့တာကို သတိရကြမှာပါ။မဘသဘုန်းကြီးဝီရသူက “မင်းတို့အမေလို အနမ်းနဲ့မကြိုဘူး ဂမ်းနဲ့ကြိုမယ်”လို့ ပြောတုန်းက ကျနော် တဆက်တည်းစဉ်းစားမိတာ မေမေကြိုတဲ့အနမ်းက စစ်အုပ်စုအတွက်များ ဖြစ်နေသလားပေါ့။ ပြည်သူလူထုအတွက်တော့ မဟုတ်တာ‌တော့သေချာပါတယ်။

နောက်ဆုံး စစ်အုပ်စုအကျိုးစီးပွားကို အကြီးအကျယ်ကယ်တင်ပေးခဲ့တဲ့ကိစ္စကတော့ ICJ နိုင်ငံတကာရာဇဝတ်တရားရုံးက စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပေါ် တရားစွဲခဲ့စဉ်က ‌နယ်သာလန် သည်ဟိဂ်မြို့အထိ သွားရောက်ပြီး စစ်အုပ်စုကို ခုခံကာကွယ်ပေးခဲ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။

(၄)ခရိုနီစီးပွားရေးလက်ကြီးသမားများရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခွင့်ရဖို့

ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်က စထွက်လာကတည်းက Max ဇော်ဇော်နဲ့ ဘောလုံးပွဲအတူကြည့်ခဲ့ကြတာပါ။နောက်တော့ မိုင်ကယ်မိုးမြင့်၊ဥမ္မာမိုးမြင့်မိသားစု ကျန်းမာရေးကိစ္စ သတင်းမေးတာ၊ သက်ပိုင်စိုးနဲ့ secret garden မှာ ညစာစားတဲ့ကိစ္စ၊ဒါနဲ့နောက်ဆက်တွဲ ပန်းချီလက်ရာတွေပါတဲ့ ယင်းလိပ်ကြီး လက်ဆောင်ရတဲ့ကိစ္စတွေလို ထိပ်ပိုင်းခေါင်းဆောင်ရဲ့ ခရိုနီတွေနဲ့ ပုလဲနံပသင့်သလို အောက်က တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ်တွေလည်း ခရိုနီတွေနဲ့ လုံးလားထွေးလား နေထိုင်နေကြတာကို တွေ့နိုင်ပါတယ်။အထူးသဖြင့် ရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းက ခရိုနီတွေဟာ ပါတီရန်ပုံငွေ အကြီးအကျယ်ထည့်ဝင်နေတဲ့ ပင်မအလှူရှင်တွေဖြစ်နေကြပါတယ်။အယ်လ်ဖာဘိလပ်မြေကုမ္ပဏီက မန်းတိုင်းဒီချုပ်ပါတီကို အလှူငွေလှူဒါန်းမှုမလုပ်ခင် ရက်ပိုင်းမှာပဲ အောင်သပြေရွာသားတွေကို ဖမ်းဆီးထောင်ချခဲ့တာမျိုးတွေဟာ အတော်လေးကြည့်ရဆိုးတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ချုပ်ပြောရရင် ခရိုနီတို့ အရင်းရှင်တို့ဆိုတာ သူတို့ကို ကာကွယ်ပေးမယ့်အစိုးရကိုပဲ မွေးထားချင်ကြတာပါ၊သူတို့အကျိုးစီးပွား ထိလာမယ့်အစိုးရဆိုရင် ပုန်ကန်မယ်သူ ဖြုတ်ချမယ့်သူတွေကိုပဲ လက်နက်ရှာပေးမှာဖြစ်ပါတယ်၊ဒါမှမဟုတ် အစိုးရက သူတို့အကျိုးစီးပွားမကာကွယ်ဘဲ ထိခိုက်အောင်လုပ်လာရင် စစ်တပ်နဲ့ပေါင်းပြီး အာဏာသိမ်းမှာဖြစ်ပါတယ်။ခု အနေအထားက ခရိုနီ၊အစိုးရ၊စစ်တပ် သုံးဦးသုံးဖလှယ် အကျိုးစီးပွားဖက်ဖြစ်တည်နေတဲ့ အခင်းအကျင်းဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်။

ဒီတခါတော့ မဲမပေးချင်တဲ့သူတွေဘက်က ဘာလို့ မဲမပေးချင်ရတာလဲဆိုတာကို ထပ်မံဆန်းစစ်ကြည့်ကြရအောင်ပါ။အရင်ဆုံး မဲမပေးချင်တဲ့ဘက်ကို ဘယ်နှစ်စုရှိသလဲလို့ ခွဲခြမ်းစီစစ်ကြည့်တဲ့အခါ အုပ်စု(၃)စုရှိတယ်လို့ သတင်းသမားတွေက အကြမ်းဖျဉ်းသတ်မှတ်ကြပါတယ်။ပထမအုပ်စုက ၂၀၀၈ အခြေခံဥပဒေအပါအဝင် စစ်အုပ်စုရဲ့လမ်းပြမြေပုံအတိုင်းသွားနေတာကို လက်မခံတဲ့အတွက် ဘယ်ရွေးကောက်ပွဲကိုမဆို (အထွေထွေ၊ကြားဖြတ်၊စည်ပင်၊ရပ်ကျေးအုပ်ချုပ်ရေးမှုးရွေးပွဲ)သပိတ်မှောက်ထားကြသူတွေပါ။‌လက်ရှိစနစ်အောက်မှာ တစုံလုံးဆန့်ကျင်တဲ့သူတွေပါ။

ဒုတိယအုပ်စုကတော့ ၂၀၁၀ ကနေ ၂၀၁၅ အထိ ကြုံသမျှရွေးကောက်ပွဲတိုင်းမှာ မဲပေးလာခဲ့ပြီး အခုလက်ရှိအစိုးရရဲ့ လုပ်ရပ်တွေကို စိတ်တိုင်းမကျလို့ မဲပေးချင်စိတ်ကုန်ဆုံးသွားကြသူတွေပါ။သူတို့မှာ အခြားရွေးစရာပါတီကလည်း များများစားစားမရှိပါဘူး။စစ်အုပ်စုရဲ့လက်ဝေခံပါတီတွေကိုလည်း မဲမပေးချင်၊ ဒီချုပ်ကိုလည်း အယုံအကြည်ကင်းမဲ့ဆိုတဲ့ အနေအထားမှာ ဘာလုပ်ရမှန်းမသိလို့ မဲမပေးတော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်ကြသူတွေပဲဖြစ်ပါတယ်။

တတိတအုပ်စုကတော့ စစ်အုပ်စုလက်သပ်‌မွေးထားတဲ့ အမျိုးသားရေးအစွန်းရောက်တွေ အပါအဝင် ဖက်ဆစ်ဆန်ဆန်တွေးခေါ်တတ်တဲ့ အဖျက်သမားတွေပါ။သူတို့က အရင်ကတော့ ကြံ့ဖွတ်ပါတီဝင်နဲ့ အဆိုပါပါတီနဲ့ နှီးနွယ်ဆက်စပ်တဲ့သူတွေလည်းဖြစ်ကြပါတယ်။သူတို့ပါတီတွေလည်း ရွေးကောက်ပွဲမှာ အခြေအနေမကောင်းတဲ့အတွက် ဘယ်သူမှမဲမပေးနဲ့ဆိုတဲ့သဘောမျိုး အသံထုတ်လာတာဖြစ်ပါတယ်။ဒီအုပ်စုရဲ့ တကယ့်ရည်ရွယ်ချက်က ဒီချုပ်ကို landslide (တောင်ပြိုကမ်းပြို)အနိုင်မရရှိစေရေးဖြစ်ပုံရပါတယ်။

ဒီလိုအုပ်စုမတူညီကြတဲ့အတွက် တဖွဲ့ချင်းစီမှာ No Vote လုပ်ရတဲ့ ရည်ရွယ်ချက်တွေချင်းလည်း မတူညီကြပါဘူး။အနည်းဆုံးတော့ ရည်ရွယ်ချက် သုံးမျိုး ကွဲပြားခြားနားနိုင်ပါတယ်။ဒီရည်ရွယ်ချက်တွေကို ဆန်းစစ်ကြည့်ရအောင်။

(၁)အုပ်စု A ရည်ရွယ်ချက်
Against All- အားလုံးကို ဆန့်ကျင်တယ်ဆိုတဲ့ သဘောဆောင်ပါတယ်။ဒီမိုကရက်မျက်နှာဖုံးစွပ်ထားတဲ့ စစ်အုပ်ချုပ်ရေးကို ဖွင့်ချပါတယ်။ စစ်မြေပုံခုနစ်ချက်ကို တစက်မှလက်မခံတဲ့ အုပ်စုပါ။စစ်‌‌ခြေဥအောက်ရောက်တဲ့ပါတီတိုင်း စစ်အုပ်စုသက်ဆိုးရှည်ရေးအတွက် ဝိုင်းထမ်းပေးထားရတဲ့အလုပ်ကို လုပ်နေတာပါလို့ အကဲဖြတ်ကြသူတွေဖြစ်ပါတယ်။နိုင်ငံရေးအခြေခံကျမ်းရင်းထဲပါတဲ့ ရန်-ငါစည်းကြောင်း ပြတ်ပြတ်သားသား ခွဲခြားနိုင်ကြသူတွေပဲဖြစ်ပါတယ်။

(၂)အုပ်စု B ရည်ရွယ်ချက်
None of the Above- အရွေးခံမယ့်သူတွေ တယောက်မှ မကြိုက်ဘူးဆိုသူတွေပါ။စစ်ခြေဥကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ကြသူတွေ မဟုတ်ပါဘူး။ပထမဆယ်နှစ်မှာ ဝင်/ပြင်လမ်းကြောင်းအတိုင်း လျှောက်ခဲ့ကြသူတွေလည်း ဖြစ်သလို လက်ရှိဒီချုပ်ကို ၂၀၁၅ အထိ ပံ့ပိုးခဲ့တဲ့သူတွေတောင်ပါပါတယ်။သူတို့က ဒေါ်စုနဲ့ဒီချုပ်ပါတီရဲ့ စစ်အုပ်စုဘက် တစတစယိမ်းယိုင်သွားတဲ့ဖြစ်စဉ်အပေါ် မနှစ်မြို့ရာကနေ ပေါ်ပေါက်လာတဲ့ ဆန့်ကျင်မှုပါ။သူတို့တွေ မဲမပေးဘူးလို့ ဆုံးဖြတ်တာဟာ စစ်အုပ်စုခင်းတဲ့ပါလီမန်အတုအယောင်အပေါ် စတင်စိတ်ပျက်လာတဲ့လက္ခဏာဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအစပျိုးမှုကောင်းတခုလို့ သုံးသပ်မယ်ဆိုရင်လည်း ရနိုင်ပါတယ်။ဒါပေမယ့် ဒီထဲမှာလည်း ရန်-ငါမပြတ်သားတဲ့သဘောတွေ ရောယှက်နေတာကို တွေ့ရတယ်။ဒီချုပ်ကိုတော့ဆန့်ကျင်တယ် ရွေးကောက်ပွဲတစုံလုံးကို မဆန့်ကျင်ဘူး။ DPNS, UNDP,SNLD စတဲ့ပါတီတွေကိုတော့ ထောက်ခံမဲဆွယ်ပေးမယ် ကိုယ်တိုင်တော့ မဲမထည့်ဘူးဆိုတဲ့လူမျိုးတွေကို ဒီအုပ်စုမှာတွေ့နိုင်တယ်။

(၃)အုပ်စု C ရည်ရွယ်ချက်
ဒီအုပ်စုက နိုင်ငံရေးအရ စဉ်းစားတာမဟုတ်ဘူး။စစ်အုပ်စုရဲ့ မဟာဗျူဟာကို သူတို့အဆင့်နေရာက အကောင်အထည်ဖော်နေတာသာဖြစ်တယ်။သူတို့အနေနဲ့ NLDရဲ့ အတိုက်အခံပုံစံ သရုပ်ဆောင်နေရပေမယ့် တခါတရံမှာ သူတို့နဲ့ဒီချုပ်ရဲ့ စဉ်းစားပုံခြင်း တူနေတာမျိုးလည်းတွေ့နိုင်တယ်။ဘယ်လိုနေရာမှာလဲဆိုရင် ရခိုင်အရေးကိစ္စတွေတို့ တိုင်းရင်းသားအခွင့်အရေးတို့ ကျောင်းသားနိုင်ငံရေးတို့အပေါ် မဘသအုပ်စုသဘောထားကလည်း မကောင်းဘူး။ထို့အတူ ဒီချုပ်ပါတီကိုယ်တိုင်ရဲ့သဘောထားကလည်း မကောင်းဘူးလို့ ပြောရလိမ့်မယ်။သူတို့က ဗီလိန် ဒီချုပ်က ဇာတ်လိုက်ပုံစံ ဖော်ကျူးထားတဲ့ ဇာတ်လမ်းကျောရိုးကို ဒါရိုက်တာစစ်အုပ်စုက စိတ်ကြိုက်ဖန်တီးနေတာဖြစ်တယ်။တကယ်တော့ လက်ယာစွန်း ဖက်ဆစ်နဲ့ လက်ယာယိမ်းပေါ်ပြူလာဝါဒီတွေကြားမှာ ဖြစ်နေတဲ့ နေရာလုမှုသက်သက်ပဲ။သူတို့အားလုံးရဲ့ ရည်မှန်းချက်က လက်ဝဲအင်အားစုကို နှိပ်ကွပ်ဖို့ညီညွတ်ကြမယ့်သဘောရှိတယ်။ဒီအုပ်စုက မယုံကြည်ရသလို လူထုရဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ သူတို့ရဲ့ ဒီချုပ်ပါတီဆန့်ကျင်ရေးသက်သက်ကို လာရောယှက်ပြီး အရေးတော်ပုံရဲ့ဂုဏ်ပုဒ်ကို လျော့ပါးပျက်ပြယ်အောင် လုပ်ကြမှာဖြစ်လို့ သူတို့အုပ်စုကို အထူးသတိထား ရှောင်ကြည်ရမယ်။

ကျနော်ခုထိ သုံးသပ်တင်ပြတာတွေဟာ အလုပ်သမားထု၊လယ်သမားထု၊မြို့နေဆင်းရဲသားလူထု၊ကျေးလက်နေမြေယာမဲ့အလုပ်သမားထုနဲ့ကျောင်းသားထု၊အမျိုးသမီးထု၊လူနည်းစု ဖယ်ထုတ်ခံအလွှာ၊မသန်စွမ်းအလွှာ၊လိင်စိတ်ခံယူမှုကွဲပြားတဲ့အလွှာတွေဆီက အမြင်အယူအဆတွေ မပါသေးဘူး။

လူများစုကြီးဖြစ်တဲ့ အလုပ်လုပ်နေတဲ့လူတန်းစားတွေဟာ အခုအချိန်မှာ ရွေးကောက်ပွဲထက်ပိုအရေးကြီးတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ကိုဗစ်ရောဂါပြန့်နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေးကပ်ပါ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့အတွက် နိုင်ငံခြားသားအရင်းရှင်တွေက စက်ရုံတွေပိတ်ပစ်တာ၊အလုပ်သမားတွေ လျှော့ချပစ်တာ၊အလုပ်ထုတ်ပစ်တာတွေ ဆက်တိုက်လုပ်လာတာကို တွေ့နေရပါတယ်။ဒီလိုနေရာမှာ မဲလိုချင်တဲ့အစိုးရဆိုရင် အလုပ်သမားထုဘက်က ရပ်ပြီး ကာကွယ်ပေးရမှာဖြစ်ပေမယ့် အခုကျတော့ အလုပ်ပြုတ်လို့ ဆန္ဒပြတဲ့အလုပ်သမားတွေကို ကိုဗစ်ကာလ အရေးပေါ်ဥပဒေပြဌာန်းပြီး ထောင်ချနေတာကို တွေ့ရတယ်။အလုပ်သမားထုကို မကာကွယ်ဘဲ ပြည်ပအရင်းရှင်လက်ဝေခံလုပ်ချင်နေတဲ့ ဒေါ်စုတို့ ကွန်ပရာဒိုအစိုးရကို လူထုက ခါးသီးနာကြင်စွာ မဲမပေးတော့ဖို့ ဆုံးဖြတ်လာမယ်ဆိုရင်လည်း ဒီလူထုကို အပြစ်ပြောလို့မရဘူးဆိုတာ ရှင်းနေပါပြီ။ လူထုဆိုတာ သူနဲ့တန်တဲ့ အစိုးရကိုပဲရတယ်လို့ ပြောတဲ့သူတွေကို ဆက်လက်စဉ်းစားစေချင်တာက လူထုက သူတို့နဲ့မတန်တဲ့အစိုးရကိုလည်း လက်မခံဖို့ ဝန်မလေးဘူးဆိုတာပါပဲ။

မဲမပေးဘူး Vs မဲပေးမယ်ဆိုတဲ့ ပဋိပက္ခဟာ ကျနော်တို့လူ့အဖွဲ့အစည်းမှာ တည်ရှိနေတဲ့ အခြေခံကျတဲ့ လူတန်းစားပဋိပက္ခလည်းမဟုတ်ပါဘူး။‌ရွေးကောက်ပွဲဟာ လူများစုကြီးရဲ့ အကျိုးစီးပွားကို တမုဟုတ်ချင်း ပြောင်းလဲပစ်နိုင်တဲ့ အရွေ့တခုမဟုတ်သလို ဒီစစ်ခွင်ထဲက တည်ဆဲစနစ်မှာ တက်လာသမျှအစိုးရတွေအားလုံး အလုပ်သမား၊လယ်သမား၊အဖိနှိပ်ခံလူတန်းစားတွေကို လျစ်လျူရှုထားကြဦးမှာပဲ။စစ်အာဏာရှင်သွေးစုနာအမြစ်မကျွတ်သေးသရွေ့ နာကျင်ဆင်းရဲနေရမယ်မှန်းသိသိနဲ့ ပိုးဖလံမျိုး ရွေးကောက်ပွဲမီးကိုတိုးချင်နေရင် ကျနော်တို့ပြည်သူတွေပဲ အရှုံးကြီးရှုံးလိမ့်မယ်။ဒါကြောင့် ကိုယ့်အခွင့်အရေးတိုက်ပွဲကို မျက်ခြေမပြတ်သင့်ဘူး။စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲကို မျက်ခြေမပြတ်သင့်ဘူး။နောက်တဆင့် အလုပ်သမားထုရဲ့ လူတန်းစားတိုက်ပွဲကိုပါ မျက်ခြေမပြတ်သင့်ဘူးလို့ ကျနော်တို့ ဆက်တိုက်လှုံ့ဆော်နေရမှာပဲဖြစ်ပါတယ်။ကျနော်တို့ရဲ့ ဖားဖိုကြီးကို ကိုယ့်ခွန်ကိုယ့်အားနဲ့ဆွဲနေရသလို ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို အလုပ်သမားတွေ ကိုယ်တိုင်တိုက်ပွဲဝင်ပြီးတောင်းဆိုကြရပါလိမ့်မယ်။တက်လာမယ့် အစိုးရတွေရဲ့ ရပ်တည်ချက်ဟာ အလုပ်သမား၊လယ်သမား၊အဖိနှိပ်ခံလူတန်းစားဘက်က ရပ်တည်မှာမဟုတ်ဘူးလို့ ကျနော်တို့မှာ သံသယရှိပြီးသားပါ။ဘာကြောင့်လဲဆိုတာလည်း သိပ်ကိုရှင်းလင်းနေပါတယ်။ခုချိန်ထိ စစ်တပ်ကမြေသိမ်းတာကို ဒီချုပ်က မတားနိုင်သေးတဲ့အပြင် သူတို့ကိုယ်တိုင် နေပြည်တော်မြေကွက်တွေ ဂရမ်လျှောက်တဲ့အ‌ခြေအနေကို ဆဝါးကြည့်လိုက်တာနဲ့ သူတို့ဘာလဲဆိုတာ ကျနော်တို့ပြည်သူတွေ သိလောက်ပါပြီ။အပွေးမြင် အပင်သိဆိုရိုးစကားလို့ပေါ့ အရိပ်ကိုကြည့်လိုက်တာနဲ့ ဘာကောင်လဲဆိုတာ မခန့်မှန်းနိုင်လောက်အောင် ပြည်သူတွေအနေနဲ့ မ အ ဘူးလို့ ကျနော်ယုံကြည်ပါတယ်။

ဆိုတော့ကာ အဓိကမကျတဲ့ ပဋိပက္ခမှာ အချိန်မကုန်စေဘဲ ( ဆိုလိုတာ မဲပေးမယ် မဲမပေးဘူး အလဟဿ ငြင်းမနေဘူး) ဒီအတုအယောင် ပါလီမန်စနစ် အရေခြုံဒီမိုကရေစီကို ဖျက်သိမ်းရေးအတွက်ပဲ ဆက်လက်တိုက်ပွဲဝင်ကြဖို့ ကိုယ့်လူတန်းစားအချင်းချင်း သွေးစည်းညီညွတ်ရေးကို တည်ဆောက်ကြဖို့လိုအပ်ပါလိမ့်မယ်။လွှတ်တော်ထဲကို အလုပ်သမားကိုယ်စားလှယ်တင်သွင်းဖို့ လီနင်ကိုယ်တိုင်ကြိုးစားခဲ့ပေမယ့် လွှတ်တော်တွင်းတိုက်ပွဲဟာ အဓိကလမ်းကြောင်းလို့ လီနင်က သဘောမထားခဲ့ပါဘူး။ဒါဟာ အရန်လမ်းကြောင်းတခုမျှသာ။

လီနင်အနေနဲ့ ဒူးမားလွှတ်တော်တွင်းက ပြောရေးဆိုခွင့်လောက်နဲ့မသာယာနေဘဲ ဇာဘုရင်ကို အပြီးအပိုင်ဖြုတ်ချဖို့ လူထုကို ဆက်လက်လှုံ့ဆော်တဲ့အတွက် ဆိုဗီယက်အာဏာနီကို တည်ဆောက်လို့ရလာတာဖြစ်ပါတယ်။မဟာအောက်တိုဘာတော်လှန်ရေးဆိုတာ ရန်သူပေးတဲ့ လက်ဆောင်မဟုတ်ပါဘူး။လူထုစွမ်းအားမပါဘဲ ကရင်မလင်ကို တုန်လှုပ်သွားအောင် လုပ်ဆောင်လို့မရဘူး။ရွေးကောက်ပွဲကို ငါးနှစ်တကြိမ်ကျင်းပရုံနဲ့ အလုပ်သမားဘဝ လယ်သမားဘဝတွေ လွတ်မြောက်လာဖို့ လမ်းစမမြင်ဘူး။အရုဏ်ကျင်း အလင်းရောက်ဖို့ သွေးစုပ်ကောင်တွေ မောင်းထုတ်စို့ အစရှိသဖြင့် အလုပ်သမားဘဝလွတ်မြောက်ရေးကို ထည့်စဉ်းစားမယ်ဆိုရင် သွေးစုပ်ကောင်တွေရဲ့ ကိုယ်စားလှယ်တွေကို ကရင်မလင်နန်းတော်လေသာဆောင်ကနေ ဆွဲချပြီး ရင်ပြင်နီမှာ တရားစီရင်ရမှာဖြစ်ကြောင်း လေးစားစွာ တင်ပြလိုက်ရပါတယ်ခင်ဗျား။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *