“မြေပြန့်လို့ခေါ်ဆိုရမယ့် စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီစခန်းနဲ့ မြို့တွေကိုလည်း စွန့်လွှတ်ထားရပါတယ်။ ကောလင်းမြို့ကို ဆုံးရှုံးထားသလို ထီးချိုင့်ကိုလည်း လက်လွှတ်ရမယ့် အနေအထားမှာ ထန်တလန်ဖြစ်စဉ်လိုမျိုး ဖန်တီးနေတာကိုတွေ့ရမှာပါ”
ကျော်ရဲစံ
မကွေးတိုင်းအတွင်း စစ်ကောင်စီက ခံစစ်သဖွယ်ပြင်ဆင်နေတာကို တွေ့လာရပါတယ်။ အထူးသဖြင့် ရခိုင်ရိုးမနဲ့ဆက်စပ်နေရာတွေမှာ စစ်ကြောင်းထိုးတာ အင်အားဖြည့်တာတွေပြုလုပ်လာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆို အမ်းဌာနချုပ်ကို သွားရာလမ်းဖြစ်တဲ့ ငဖဲ-အမ်း လမ်းတဝိုက်စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်တာကိုတွေ့ရပါတယ်။ ဒါဟာ ရခိုင့်တပ်တော်နဲ့ PDF တွေ မကွေးတိုင်းအတွင်း ဝင်ရောက်မလာနိုင်အောင် ကြိုတင်တားဆီးထားတဲ့သဘောပါပဲ။
ရခိုင်ပြည်နယ်မှာ ၁၀၂၇ စတင်ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်စခန်း ၄၀ ကျော်လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် စစ်တွေမြို့နဲ့ ၁၉ မိုင်သာဝေးတဲ့ ပေါက်တောမြို့ကိုလည်း လက်လွှတ်ရမယ့် အနေအထားနဲ့ စစ်ကောင်စီက ရင်ဆိုင်နေရပါတယ်။ AA ကိုစစ်ကောင်စီက ဘယ်လောက်ကြောက်လဲဆိုရင် ၎င်းတို့အထိုင်စခန်းတွေကို စွန့်ခွာထွက်ပြေးရတဲ့အထိပါပဲ။
ဒါ့အပြင် ရခိုင်ပြည်နယ် အဝင်အထွက်အားလုံးနီးပါးကို ပိတ်လိုက်တာကိုလည်းတွေ့ရပါတယ်။ ဒါဟာ ရခိုင်ပြည်သူတွေအတွက် လိုအပ်တဲ့ ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေမရနိုင်အောင် ဖန်တီးလိုက်တာပဲလို့ စစ်ရေးသုံးသပ်သူတွေကဆိုကြပါတယ်။ ရခိုင်ပြည်သူနာရင် ရခိုင့်တပ်တော်က နားမှာပဲဆိုတဲ့ အယူဝါဒကို စစ်တပ်က လက်ခံကျင့်သုံးပုံရပါတယ်။ ဒါပေမဲ့ ဒါဟာ အလုပ်ဖြစ်ဟန်မတူပါဘူး။
