ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

“မြေပြန့်လို့ခေါ်ဆိုရမယ့် စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီစခန်းနဲ့ မြို့တွေကိုလည်း စွန့်လွှတ်ထားရပါတယ်။ ကောလင်းမြို့ကို ဆုံးရှုံးထားသလို ထီးချိုင့်ကိုလည်း လက်လွှတ်ရမယ့် အနေအထားမှာ ထန်တလန်ဖြစ်စဉ်လိုမျိုး ဖန်တီးနေတာကိုတွေ့ရမှာပါ”

ကျော်ရဲစံ

မကွေးတိုင်းအတွင်း စစ်ကောင်စီက ခံစစ်သဖွယ်ပြင်ဆင်နေတာကို တွေ့လာရပါတယ်။ အထူးသဖြင့် ရခိုင်ရိုးမနဲ့ဆက်စပ်နေရာတွေမှာ စစ်ကြောင်းထိုးတာ အင်အားဖြည့်တာတွေပြုလုပ်လာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆို အမ်းဌာနချုပ်ကို သွားရာလမ်းဖြစ်တဲ့ ငဖဲ-အမ်း လမ်းတဝိုက်စစ်ကောင်စီ​က နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်တာကိုတွေ့ရပါတယ်။ ဒါဟာ ရခိုင့်တပ်တော်နဲ့ PDF တွေ မကွေးတိုင်းအတွင်း ဝင်ရောက်မလာနိုင်အောင် ကြိုတင်တားဆီးထားတဲ့သဘောပါပဲ။

ရခိုင်ပြည်နယ်မှာ ၁၀၂၇ စတင်ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်စခန်း ၄၀ ကျော်လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် စစ်တွေမြို့နဲ့ ၁၉ မိုင်သာဝေးတဲ့ ပေါက်တောမြို့ကိုလည်း လက်လွှတ်ရမယ့် အနေအထားနဲ့ စစ်ကောင်စီက ရင်ဆိုင်နေရပါတယ်။ AA ကိုစစ်ကောင်စီက ဘယ်လောက်ကြောက်လဲဆိုရင် ၎င်းတို့အထိုင်စခန်းတွေကို စွန့်ခွာထွက်ပြေးရတဲ့အထိပါပဲ။

ဒါ့အပြင် ရခိုင်ပြည်နယ် အဝင်အထွက်အားလုံးနီးပါးကို ပိတ်လိုက်တာကိုလည်းတွေ့ရပါတယ်။ ဒါဟာ ရခိုင်ပြည်သူတွေအတွက် လိုအပ်တဲ့ ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေမရနိုင်အောင် ဖန်တီးလိုက်တာပဲလို့ စစ်ရေးသုံးသပ်သူတွေကဆိုကြပါတယ်။ ရခိုင်ပြည်သူနာရင် ရခိုင့်တပ်တော်က နားမှာပဲဆိုတဲ့ အယူဝါဒကို စစ်တပ်က လက်ခံကျင့်သုံးပုံရပါတယ်။ ဒါပေမဲ့ ဒါဟာ အလုပ်ဖြစ်ဟန်မတူပါဘူး။

ရခိုင့်တပ်တော်က ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက်သိမ်းမြဲ ဖြစ်နေသလို ရခိုင်ပြည်နယ်နေရာအနှံ့အပြားမှာလည်း စစ်ကောင်စီလက်အောက်ခံတွေ နည်းမျိုးစုံနဲ့ သတ်ဖြတ်ခံနေရပါတယ်။ စစ်ကောင်စီယန္တရားကလည်း ရခိုင်ပြည်နယ်မှာ ရပ်တန့်လုနီးပါးဖြစ်နေတာကိုတွေ့ရမှာပါ။ ပြောရမယ်ဆိုရင် ဒီတိုက်ပွဲဟာ အတိုင်းအတာတစ်ခုထိ ကြာမြင့်နိုင်မှာပါ။

ဒါကိုတွက်ဆပြီးမှသာ ရခိုင့်တပ်တော်ကလည်း တိုက်ပွဲဖော်ဆောင်တာဖြစ်နိုင်လို့ စစ်ကောင်စီက ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့နဲ့ စကားပြောဖို့နည်းမျိုးစုံနဲ့ကြိုးစားမှာပါ။ မိုခါကာလတုန်းက ပြည်သူတွေအထိနာလို့ စစ်ရေးမဖော်ဆောင်ပေမဲ့ အဲဒီမတိုင်ခင်ကာလကတည်းက အမ်းထိ တက်ဆော်မယ်လို့ ခြိမ်းခြောက်ထားပြီးသားပါ။ အမ်းဆိုတာ တိုင်းစစ်ဌာနချုပ်အထိုင်ချရာနေရာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ : ပုံဟောင်း – မကွေးမြို့ရဲတပ်ဖွဲ့ဝင်များ။

စစ်တပ်ရဲ့အနေအထားကို ကြည့်မယ်ဆိုရင်လည်း ဘက်​​ပေါင်းစုံက ချုံးချုံးကျနေတာကိုမြင်တွေ့ရမှာပါ။ မကြာခင်ရက်ပိုင်းအတွင်းက ကရင်နီပြည်နယ်မှာ တိုက်လေယာဉ်တစ်စီးပစ်ချခံရပြီးတဲ့နောက် ယာဉ်မောင်းကိုပါ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်တွေကဖမ်းဆီးထိမ်းသိမ်းထားတာပါ။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်းအရေးပါတဲ့ စစ်စခန်းများစွာကိုစွန့်လွှတ်ထားရပါတယ်။အရူးမီးဝိုင်းတယ်ဆိုတာ ဒါမျိူးအတိပါပဲ။

ဒီအခြေနေမှာ မြေပြန့်လို့ခေါ်ဆိုရမယ့် စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီစခန်းနဲ့ မြို့တွေကိုလည်း စွန့်လွှတ်ထားရပါတယ်။ ကောလင်းမြို့ကို ဆုံးရှုံးထားသလို ထီးချိုင့်ကိုလည်း လက်လွှတ်ရမယ့် အနေအထားမှာ ထန်တလန်ဖြစ်စဉ်လိုမျိုး ဖန်တီးနေတာကိုတွေ့ရမှာပါ။ မြို့တဝက်လုံးကို တိုက်လေယာဉ်နဲ့ ပြာကျအောင်ဖျက်စီးပြီးတဲ့နောက် ၎င်းတို့လည်း ထီးချိုင့်မြို့ကို လက်လွှတ်ဖွယ်ရှိနေပါတယ်။

ဒါ့အပြင် ကုန်သွယ်ကူးသန်းရေးအရ အရေးပါတဲ့ ချင်းပြည်နယ်က ရိဒ်ခေါရ်ဒါမြို့ကိုလည်းဆုံးရှုံးထားရသလို ချင်းပြည်အနှံ့မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဒီအခြေနေတွေကို စစ်ကောင်စီက ကြိုတင်ရိပ်စားမိခဲ့တယ်ဆိုရင် သံသယဖြစ်ဖွယ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ စစ်ကိုင်းနဲ့ မကွေးအစပ်တွေမှာ စစ်ကောင်စီက လက်နက်နဲ့ ရိက္ခာဖြည့်တင်းမှုတွေကို သြဂုတ်လကတည်းကပြုလုပ်ခဲ့တာပါ။

ဓာတ်ပုံ : ပုံဟောင်း – မကွေးမြို့ရဲတပ်ဖွဲ့ဝင်များ။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ဇူလိုင်လအတွင်းမှာ ရိက္ခာပို့ခဲ့ပြီးတော့ ကျားဘီလူးစစ်ကြောင်းကိုလည်း စစ်ကိုင်းတိုင်းထဲမှာ ဖြန့်ကျက်ထားခဲ့ပါတယ်။ ဒါ့အပြင် ကျောက်ထုဘက်ကို ရိက္ခာပို့မယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်း ၉၄ စီးက ပခုက္ကူတပ်မ ၁၀၁ ကနေ ထွက်လာခဲ့ပါသေးတယ်။ ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့ပစ်ခတ်မှုတွေကြောင့်သာ ကျောက်ထုမရောက်ခင်မှာပဲ ပြန်လှည့်လာခဲ့ရပါတယ်။

မြန်မာပြည်အလယ်ပိုင်းက မကွေးမြို့နယ်၊ ချောက်မြို့နယ်၊ ဆင်ဖြူကျွန်းနဲ့ အခြားမြို့နယ်တွေက ကုန်တင်ယာဉ်တွေကို စစ်ကောင်စီက ချောဆွဲခေါ်ယူနေပါတယ်။ ဒီယာဉ်တွေကိုရိက္ခာတင်ရာမှာအသုံးပြုဖို့အတွက်​​ခေါ်ယူတာဖြစ်ပြီးတော့ အချို့ဆိုယာဉ်မောင်းတွေကိုပါ စစ်မြေပြင်ထိခေါ်ပါတယ်။ ယာဉ်မောင်းမပေးချင်တဲ့ ကားပိုင် ရှင်တွေဟာ စစ်တပ်ကို စပ်ကြေးသဘောမျိုး ပေးဆောင်ရပါသေးတယ်။

ကန်ပက်လက်မြို့ကို ပို့တဲ့ရိက္ခာယာဉ်တန်းအောင်မြင်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဟာ အလားတူ ယာဉ်တန်းတွေကို ဖော်ဆောင်လာတာပါ။ ဒါပေမဲ့ ပေါက်မြို့နဲ့ ပခုက္ကူမြို့နယ်က ပိတ်ဆို့ဟန့်တားမှုတွေကို ဒီယာဉ်တန်းတွေက မကျော်လွန်နိုင်ခဲ့ပါဘူး။ ဒီလိုမျိုးရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေကို ကြိုတင်ဖြည့်ဆည်းခဲ့ပေမယ်လို့ ထင်မှတ်မထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားလာခဲ့တာပါ။

ဓာတ်ပုံ : ပုံဟောင်း – မကွေးမြို့ရဲတပ်ဖွဲ့ဝင်များ။

ဒီတိုက်ပွဲတွေ မဖြစ်ပွားမီ မြောက်ပိုင်းမဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စစ်တပ်က ကြိုတင်သိရှိခဲ့​​ပေမဲ့ အချိန်မီပြင်ဆင်နိုင်ခဲ့ဟန်မတူပါဘူး။ဒါ့အပြင် ထင်မှတ်မထားရလောက်အောင် အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရက်ပိုင်းအတွင်းမှာပဲ မြို့တွေကို ဆုံးရှုံးလိုက်ရပါတယ်။ အရှိုက်ထိတဲ့ ဒီထိုးချက်တွေမပြိးခင်မှာပဲ ချင်း၊ စစ်ကိုင်းနဲ့ ရခိုင်ပြည်နယ်မှာ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲ တွေဖြစ်လာခဲ့တာပါ။

မကွေးတိုင်းအတွင်းက ရေစကြို၊ ပေါက်နဲ့ ဂန့်ဂေါမြို့နယ်တွေမှာလည်း ပျူစောထီးနဲ့ စစ်တပ်ပူးတွဲအထိုင်ချစခန်းတွေကို သိမ်းယူဖို့ကာကွယ်ရေးအဖွဲ့တွေက ကြိုးစားခဲ့ပါသေးတယ်။ဂန့်ဂေါ က မင်းရွာရဲစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် တောင်ခင်ရန်းရဲစခန်းကို စစ်ကောင်စီလက်အောက်ခံတွေက စွန့်ခွာခဲ့တာပါ။ ကလေးမြို့မှာလည်း စစ်တပ်နဲ့ ရဲ အထိုင်ချစခန်း လေးခုထက်မနည်း လက်လွှတ်ခဲ့ရပါတယ်။

အနှစ်ချုပ်ရရင် ဒီလိုအခြေနေတွေကို စစ်ကောင်စီက ရိပ်စားမိခဲ့ပါတယ်။ ရိပ်စားမိခဲ့လို့ပဲ ၎င်းတို့ ခံစစ်လို့ယူဆထားတဲ့ မြေပြန့်ဒေသရဲ့ နယ်စပ်စည်းတွေမှာ ရိက္ခာအင်အားဖြည့်တင်းတာတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပဲ အရှူံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိပြည်မက မန္တလေး၊ မကွေးနဲ့ မုံရွာလိ့မြို့တွေမှာ စစ်ကောင်စီကအသင့်အနေအထားသဖွယ် စိတ်ဓာတ်စစ်ဆင်ရေးကော အင်အားပြတာတွေကော လုပ်ဆောင်နေရပါတယ်။ ဒါက ၎င်းတို့ရဲ့ စစ်မရှုံးနိုင်ဘူးဆိုတဲ့ ပေတံကို တိုင်းတာခြင်းတစ်ခုထက်မပိုပါဘူး။ အရန်အင်အားတွေကိုတောင် စစ်မြေပြင်ပို့ဖို့ပြင်ဆင်နေတဲ့ စစ်တပ်ရဲ့ ပြိုလဲချက်ကြီးကတော့ အံ့ဖွယ်ရာပါပဲ။ ။

#RedNewsAgency

By Editor