ကျဆုံးခဲ့ရသည့် တပ်ရင်းမှူးအပါအဝင် ရဲဘော် (၄) ဦး ရုပ်အလောင်းမရဘဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ရ

RNA_ဇန်နဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။
 
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာများအနီးဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က (၅) ဦးကျဆုံးခဲ့ရာတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ရင်းမှူးပါအဝင် (၄) ဦးမှာ ရုပ်အလောင်းပြန်မရဘဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ရကြောင်း သိရသည်။
 
ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု နှင့်ညီ‌နောင်တပ်ရင်းများနှင့် စစ်ကောင်စီတပ်၊ အင်းပျူစောထီးနှင့် PNO(ပြည်သူ့စစ်)တို့ ဇန်နဝါရီလ (၃) ရက်နေ့က သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် အမှတ် (၁၀၀၇)တပ်ရင်း(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂ )မှ ရဲဘော် ရဲဘော်မိုး၊ အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -IPDF ၏ တပ်ရင်းမှူး ရဲဘော် သခွားသီး၊ သင်တန်းမှူး ရဲဘော် အယ်ကျော်၊ တပ်စိတ်မှူး ရဲဘော်မြတ်သူနှင့် ရဲဘော် ဖြိုးသန့်အောင် (ခ) ကတုံးတို့ ကျဆုံးခဲ့ရသည်။

“ မြင့်မြတ်စွာဖြင့်ကျဆုံးသွားခဲ့ရသော အာဇာနည်ရဲဘော် ၄ ဦး တပ်ရင်းမှူး သခွားသီး၊ သင်တန်းမှူး အယ်ကျော်၊ တပ်စိတ်မှူး မြတ်သူ နှင့် ရဲဘော် ကတုံးတို့အား မိမိတို့ 1009 တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် I.P.D.F မှ ​ရက်လည်ဆွမ်းသွတ် နှင့် အာဇာနည်ရဲဘော်တို့၏ ခန္ဓာမပါဘဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ပါသည်” ဟု Inle People Defense Force – IPDF ကထုတ်ပြန်ထားသည်။
 
အင်းပျူစောထီးနှင့် PNO (ပြည်သူ့စစ်) တို့သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ဒေသခံတိုင်းရင်းသားပြည်သူလူထုများအပေါ် အကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေမှုကို ယခုချက်ချင်းရပ်တန့်ရန် ပြင်းပြင်းထန်ထန် သတိပေးထားပြီး၊ စစ်ကောင်စီအလိုကျ ဆက်လက်လုပ်‌ဆောင်မည်ဆိုပါက စစ်ကောင်စီနှင့်တန်းတူထား၍ ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု – United Southern Shan Federal Union မှပြင်းထန်သည့် တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
 
Red News Agency
By Editor