တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ၁ နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦး အရှင်ဖမ်းခံရ

RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
 
ကရင်နီ (ကယား) ပြည်နယ်နှင့် အနီးတဝိုက်တွင် KNDF၊ KA နှင့် အခြားမဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၂ ခုနှစ် (၁) နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦးအရှင်ဖမ်းခံရကာ (၉၃) ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
 
“၂၀၂၂ ခုနှစ်အတွင်း KNDF မှ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖော်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့တန်းတပ်စခန်း အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၉၇) ဦး သေဆုံးခဲ့ပြီး ၊ (၉၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂၀၂၂ခုနှစ် အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၅၀) ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် အကြိမ်ပေါင်းမြောက်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲများအတွင်း KNDF မှ လက်နက်ငယ် (၃၃) လက်နှင့် လက်နက်ကြီး (၇) လက် အပြင် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ပါသည်” ဟု ယနေ့ KNDF က ထုတ်ပြန်ထားသည်။

 
တနှစ်လုံး တိုင်းအတာဖြင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်သုံ့ပန်း (၁၁) ဦး ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်သား (၇) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး သေဆုံးခဲ့ပြီး (၆၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ နေအိမ်အဆောက်အဦ (၆၇) လုံးနှင့် ဘာသာရေးအဆောက်အဦ (၄) လုံး၊ စေတီတဆူတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း KNDF မှ ရဲဘော် (၆၅) ဦး ရဲရင့်စွာကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
Red News Agency
By Editor