ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်သော်လည်း တော်လှန်ရေးမှာ ဆက်ပါနေမည်

RNA_ဇန်နဝါရီ (၃)၊၂၀၂၃ ခုနှစ်။
 
ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌတာဝန်ကို ကချင်လွတ်လပ်ရေးတပ်မတော် – KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကို လွှဲပြောင်းလိုက်ကြောင်း သိရသည်။
 
“ အခု KIO ခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်တာ ထွေထွေထူးထူးမဟုတ်ပါဘူး။ ၄ နှစ်တကြိမ်အပြောင်းအလဲ လုပ်တာလဲရှိတယ်” ဟု ကချင်လူမျိုး သတင်းသမားတဦးက ပြောသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့အနေဖြင့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲများရှိသော်လည်း မူဝါဒပြောင်းလဲမှုမရှိသည့်အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးတွင် ဆက်လက်ပါနေမည်ဖြစ်ပြီးအင်အားလျော့မှု မရှိနိုင်ကြောင်း သုံးသပ်ထားကြသည်။
 
“ မူဝါဒအ​ပြောင်းအလဲမရှိပဲ ​တော်လှန်​ရေးအတွက် အ​ထောက်အကူပိုပီ ပြုနိုင်လာမယ်လို့ ​မျှော်လင့်တယ် အကို ။ ဒီနှစ်က ​တော်လှန်​ရေးအင်အားစု​တွေ အကုန် ကိုယ့်ကြမ္မာကိုယ်ဖန်တီနိုင်ဖို့အတွက် ရုန်းကန်လို့ အ​ကောင်းဆုံးအ​ခြေ​နေမှာရှိ​နေတာမို့ အမျိုးသားလွတ်​မြောက်​ရေးအတွက် ၊ စစ်အုပ်စုအမြစ်ပြတ်​ရေးအတွက် တပြိုင်တည်းရုန်းကန်းတိုက်ပွဲနိုင်ရင်​တော့ အ​ကောင်းဆုံး​သောရလဒ်​တွေထွက်လာမှာပါ” ဟု မြို့နယ် သပိတ်ကော်မတီတခုမှ ရဲဘော်ဇူးက ပြောသည်။
 
KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကို ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌတာဝန်ကို ဗိုလ်ချုပ်ကြီး အင်ဘန်လမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က လွှဲပေးလိုက်ကြောင်း၊ KIO ဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ KIA တပ်ချုပ်ကြီး၊ KIC ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လသည် ၂၀၂၃ ခုနှစ် မေလ (၂၇) ရက်နေ့တွင် အသက် (၈၀) နှစ်ပြည့်မြောက်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား၏ ကျန်းမာရေးအခြေအနေကြောင့် ဗိုလ်ချုပ်ကြီး အင်ဘန်လကို ဥက္ကဋ္ဌ အဖြစ် အပြောင်းအလဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
 
Red News Agency
By Editor