အစဉ်အလာမှခွဲထွက်ခြင်း

အဲ့တော့ အစဉ်အလာ…အစဉ်အလာ…ဒီအစဉ်အလာက ခွဲထွက်ဖို့ ဘယ်လိုလုပ်ကြရမလဲ။ဘယ်လိုစဉ်းစားကြရမလဲ။ဆိုရှယ်မီဒီယာခေတ်မှာ တချို့က လက်လှမ်းမီတဲ့ ကရိယာတန်ဆာပလာလေးတွေ ကိုင်စွဲပြီး အစဉ်အလာကနေ ခွဲထွက်ဖို့ အားထုတ်နေကြတာကို တွေ့ရပါတယ်။ဒါပေသိ ကြိုးပမ်းပုံမမှန်ရင် အစဉ်အလာထောင်ချောက်ထဲက လွတ်ကင်းမယ်မထင်ဘူး။

ဗမာပြည်မှာ အရာရာတိုင်းကို အစဉ်အလာအတိုင်း လုပ်ဆောင်တာကမှ သဘာဝကျတယ်လို့ ယူဆလေ့ရှိကြပါတယ်။အစဉ်အလာကို ဖက်တွယ်ထားမှုက အတော်လေးကြီးမားလှပါတယ်။

မြို့ကြီးပြကြီးက ချမ်းသာတဲ့ ခြံကျယ်ကြီးတွေကနေ ကျေးလက်တောရွာက တောင်ယာတဲလေးတွေအထိ အစဉ်အလာက ပြန်နှံ့သက်ဝင်နေပါတယ်။အခြေခံအုတ်မြစ်ဖြစ်တဲ့ အစဉ်အလာ စီးပွားရေးအဆောက် အအုံပေါ်ကနေ တဆင့်ပြီးတဆင့် အစဉ်အလာ နိုင်ငံရေး၊အစဉ်အလာ ဘာသာရေး၊အစဉ်အလာ ယဉ်ကျေးမှု၊အစဉ်အလာ ဓလေ့ထုံးတမ်းတွေကို တည်ဆောက်ထားကြပါတယ်။

အနှစ် (၈၀၀)ကျော် မြေရှင်ပဒေသရာဇ်ခေတ်မှာ အရိုးဆွေးအောင်နေထိုင်လာကြရတဲ့ ဗမာ့လူ့အဖွဲ့အစည်းဟာ အာဏာဆိုလို့ မူးလို့တောင်ရှုစရာမရှိခဲ့ပါဘူး။ဒါကြောင့် နိုင်ငံရေးမှာ အုပ်စိုးသူလူတန်းစားကို ဝေဖန်ဆန်းစစ်တာမျိုးမလုပ်ဘဲ ဘယ်အစိုးရတက်တက် ကိုယ့်အစိုးရပဲဆိုတဲ့အမြင်တွေ လွှမ်းမိုးခဲ့ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာတွေ အစိုးရမလုပ်တတ်ပါဘူး။”အာဏာရှင်”ဆန်ဆန်ပဲ အုပ်ချုပ်တတ်ကြပါတယ်။အာဏာရှင်အဆန်ဆုံးက စစ်တပ်ပဲဖြစ်ပြီးတော့ စစ်သားမဟုတ်ဘဲ အစိုးရလုပ်သူတွေကလည်း ဒီမိုကရေစီကို နားလည်ကြတာမဟုတ်ပါဘူး။ဒီမိုကရက်တစ်လူ့ဘောင်ကို သေချာမတည်ဆောက်ဘဲ ဗျုရိုကရေစီယန္တရားတည်ဆောက်ရေးကို အစိုးရလုပ်တာလို့ လွဲမှားစွာ ယူဆနေတတ်ကြပါတယ်။

အစဉ်အလာဘာသာရေးအရ အပါယ်‌လေးပါး၊ကပ်သုံးပါး၊ရပ်ပြစ်ရှစ်ပါး၊ရန်သူမျိုးငါးပါး၊ဝိပ္ပတိတရားလေးပါး၊ဗျဿနတရားငါးပါး စတာတွေဟာ ကံမကောင်းအကြောင်းမလှလို့ ကြုံရဆုံရ လူ့ဘဝလို့ ယူဆနေကြတာ လူတိုင်းနီးပါးပါပဲ။တကယ်တော့ ဆိုးဝါးလှတဲ့ လောကဓံကို လူ့စွမ်းအားနဲ့ အန်တုရင်ဆိုင်ဖို့လိုအပ်ချက်ကို ဘယ်တုန်းကမှ မဖြည့်ဆည်းဘဲ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်”လို့ပဲ လွယ်လွယ်ကောက်ချက်ချလေ့ရှိပါတယ်။အကျိုးဆက်က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခြင်းမရှိဘဲ အနူတောမှာ လူချောလုပ်ရင်း အချိန်ကုန်ခဲ့ရပါတယ်။

စာပေလို အနုပညာလို အခန်းကဏ္ဍမှာ တချိန်တခါက မော်ဒန်ကဗျာကို လမ်းသစ်ဖောက်ခဲ့တဲ့ ဆရာတွေ ဘဝနဲ့ရင်းခဲ့ရတာကို အခုချိန်ထိ မသိသေးတဲ့ လူကြီး၊လူငယ်တွေ မကြာမကြာ တွေ့နေရပါတယ်။ဟောင်းမြင်းလှတဲ့ ဆီသည်မလက်သုတ်ပဝါလို ကာရန်နဘေတွေ၊အပေါစားဟာသတွေနဲ့ ဗမာပေါကားလို့ခေါ်တဲ့ ချစ်ကြိုက်ကွဲညားဇာတ်ကားတွေကြားမှာ လူဖြစ်လာရတဲ့ ဗမာအများစုထဲမှာ နိုင်ငံတကာရင်ခုန်သံကို နားစွင့်နိုင်သူဟာ လက်ချိုးရေလို့ ရသလောက်ဖြစ်နေပါတော့တယ်။

အဲ့တော့ အစဉ်အလာ…အစဉ်အလာ…ဒီအစဉ်အလာက ခွဲထွက်ဖို့ ဘယ်လိုလုပ်ကြရမလဲ။ဘယ်လိုစဉ်းစားကြရမလဲ။ဆိုရှယ်မီဒီယာခေတ်မှာ တချို့က လက်လှမ်းမီတဲ့ ကရိယာတန်ဆာပလာလေးတွေ ကိုင်စွဲပြီး အစဉ်အလာကနေ ခွဲထွက်ဖို့ အားထုတ်နေကြတာကို တွေ့ရပါတယ်။ဒါပေသိ ကြိုးပမ်းပုံမမှန်ရင် အစဉ်အလာထောင်ချောက်ထဲက လွတ်ကင်းမယ်မထင်ဘူး။

အစဉ်အလာစီးပွားရေးကနေ ခွာပြီး ဆိုရှယ်မီဒီယာပေါ်က မားကက်တင်းလုပ်နေကြတာတွေ၊ ဘရန်းဖောက်နေကြတာတွေ အများကြီးတွေ့မြင်နေရသလို တော်လှန်ရေးရန်ပုံငွေရအောင် ရှာကြဖွေကြတာတွေလည်း ကြုံကြရပါတယ်။ဒီအလုပ်တွေကို သေချာခွဲခြမ်းစိတ်ဖြာကြည့်ရရင် ဗမာတွေဟာ နည်းလမ်းနဲ့ ခေတ်မှီလက်နက်တွေ (modern tools and techniques )ကိုင်လာတာတော့မှန်တယ် အစဉ်အလာ စံနှုန်းတန်ဖိုးဖြစ်တဲ့ လူပုဂ္ဂိုလ်အခြေပြုစဉ်းစားတွေးခေါ်မှုတွေကနေတော့ မရုန်းထွက်နိုင်သေးဘူးလို့ တွေ့ရတယ်။

နာမည်ကြီးတဲ့နောက် လျှောက်လိုက်ပြီး ‌စိန်ရောင်းတတ်တဲ့မင်းသမီးကို အားပေးလိုက်၊ အဆဲသန်တဲ့ လော်ဘီကို ထောက်ခံလိုက်လုပ်နေတာတွေ တွေ့မြင်နေရတုန်းပါပဲ။နိုင်ငံရေးမှာလည်း တော်လှန်တဲ့အဖွဲ့အစည်းအသီးသီးမှာ လူသိထင်ရှားတဲ့ မင်းသမီး၊မင်းသား၊သရုပ်ဆောင်၊မော်ဒယ်၊စာရေးဆရာ၊ကဗျာဆရာမ၊အဆိုတော်တွေကို ပင်တိုင်ထားပြီး ကိုယ့်အင်အားစုကို ထောက်ခံပံ့ပိုးလာအောင် သွေးဆောင်နေကြတာတွေ တွေ့ရပါတယ်။

‌ဗမာပြည်နိုင်ငံရေးဟာ မူကိုမကြည့်ဘဲ လူကိုကြည့်တတ်တဲ့ နိုင်ငံရေးပါ။လူမှာတောင် ငယ်ရွယ်ပြီး ရုပ်ချောတဲ့သူမှ ပိုသဘောကျတတ်ကြပါတယ်။ပုဂ္ဂိုလ်ခင်မှ တရားမင်တတ်တဲ့ အစဉ်အလာကြောင့် တကယ့်အမှန်တရားနဲ့ ဝေးကွာရပေါင်းများလှပါပြီ။ရုပ်ချော၊အပြောကောင်း၊သန့်သန့်ပြန့်ပြန် ဝတ်စားပြီး လိမ်ညာလှည့်ဖြားတဲ့ သာဗိန္ဒနိုင်ငံရေးလို့ ပြောရင် စိတ်မဆိုးကြပါနဲ့။တကယ်လည်း သာဗိန္ဒနိုင်ငံရေးပါပဲ။

ကိုယ်ကျင့်တရားနဲ့ ရိုးသားဖြောင့်မတ်မှု၊ယုံကြည်ချက်နဲ့ တည်ကြည်မှုတွေဟာ အမြဲတမ်းနောက်ဆုံးတန်းမှာပဲရှိနေတတ်ကြတာပါ။သွက်လက်ပြီး ပြောတတ်ဆိုတတ် ချုတတ်လှည့်တတ်မှ လူထုထောက်ခံမှုရတဲ့ “မောင်လေး စား”အမတ်တွေလည်း ထုနဲ့‌ဒေးပါပဲ။

အစဉ်အလာကနေ ခွဲမထွက်ဘဲ ကျနော်တို့ တော်လှန်ရေးခရီးကို ရှေ့ဆက်လို့ရမယ်မထင်ပါဘူး။ကျီးအာသီးနိုင်ငံရေးသမားတွေကို အိပ်စ်ရေးမျက်မှန်နဲ့ မြင်အောင်ကြည့်တတ်တဲ့ လူ့အဖွဲ့အစည်းမျိုး တည်ဆောက်ကြရပါလိမ့်မယ်။နေ့စဉ်လူမှုဘဝမှာကို အစဉ်အလာမဟုတ်တဲ့ အော်လ်တာနေးတစ်အမြင်တွေ အလေ့အကျင့်လုပ်ကြရပါမယ်။လူတိုင်း လူတိုင်း အချက်အလက်နဲ့ဝေဖန်ဆန်းစစ်တတ်တဲ့ အလေ့အထမရှိရင် “လူညံ့တွေ နေရာရပြီး လူတော်တွေ ဘေးရောက်”တဲ့အဖြစ်မျိုး မြေကြီးလက်ခတ်မလွဲ ကြုံနေကြရဦးမှာပါပဲ။

စစ်အုပ်စုကို တိုက်ချင်ရင် စစ်အုပ်စုလိုမျိုး ဆရာမွေး တပည့်မွေးစရိုက်တွေ လိုက်မလုပ်ဖို့လိုပါတယ်။နာခံသူကိုသာ လက်သပ်‌မွေးပြီး ဝေဖန်သူကို အရာချတတ်တဲ့ ဗမာဘုရင်စိတ်ဓာတ်က နိုင်ငံရေးသမားတွေမှာရှိပါတယ်။ကိုယ့်ကို နေရာပေးတာလိုချင်ပြီး နေရာမရရင် သူများကိုခြေထိုးတတ်တဲ့ မင်းမှုထမ်းအကျင့်ကလည်း လူ့အဖွဲ့အစည်းမှာ ကိန်းအောင်းနေပါသေးတယ်။ဘာလုပ်လုပ် အဖွဲ့အစည်းရဲ့ မူဝါဒကို ဦးတည်ပြီးမလုပ်ဘဲ ကိုယ့်အထက်ကလူကိုပဲ ဦးတည်ပြီးလုပ်တဲ့စိတ်ဟာ ကျွန်စိတ်ဖြစ်တယ်လို့ ရှင်းရှင်းပဲပြောပါရစေ။

ကိုလိုနီခေတ်က ကိုယ့်ကိုယ်ကို သခင်လို့ ကြွေးကြော်ခဲ့တဲ့လူမျိုးဟာ အခုချိန်ထိ ကျွန်စိတ်မပျောက်ကြသေးပါဘူး။သခင်လို့ အကြိမ်တထောင်ကြွေးကြော်ရုံနဲ့ တကယ့်သခင်ဖြစ်လာတာမှ မဟုတ်တာ။”သခင်အကျင့်ကို ကျင့်ကြပါ၊ သခင်မျိုးဟေ့ တို့ဗမာ”ဆိုတဲ့ စကားဟာလည်း အမျိုးဆိုတဲ့ race ကို ဦးစားပေးထားတာဖြစ်လို့ မဘသတွေပြောသလို လူမျိုးရေးအမြင်ပေါ်သာ အခြေခံနေတာကိုတွေ့ရပါတယ်။အမှန်က လူမျိုးရေးနဲ့မဆိုင်ဘဲ ပညာရေးနဲ့ပိုသက်ဆိုင်တယ်လို့ မြင်ပါတယ်။ပညာမတတ်ဘဲနဲ့ သခင်ဖြစ်ချင်လို့မရပါဘူး။ဘုန်းကြီးကျောင်းလောက်နေခဲ့ရတဲ့ သေစာရှင်စာတတ်တွေဆီမှာ ဝေဖန်ပိုင်းခြားပြီး ခေါင်းဆောင်နိုင်လောက်တဲ့ အရည်အချင်းမရှိပါဘူး။အရည်အချင်းရှိရင် ရှိသလို စဉ်းစားတွေးခေါ်ပုံတွေ၊အလုပ်လုပ်ပုံတွေ ကွဲပြားသွားတာတော့ အမှန်ပါပဲ။

ဆရာမောင်လေးအောင်ရေးတဲ့ “သိုးများ ကဗျာ မရေးတတ်”ဆိုတဲ့ကဗျာဟာ လူဆိုတာ ဘယ်လိုလဲဆိုတဲ့ အဓိပ္ပါယ်ကို အပြည့်အဝပေးနိုင်တဲ့ ကဗျာလို့ မြင်ပါတယ်။သိုးတွေဆိုတဲ့ နာခံသူတွေထက်စာရင် လူတွေဆိုတဲ့ အသိတရားပြည့်စုံသူတွေဟာ မဟုတ်တာ၊မမှန်တာ၊မတရားတာကို အာခံဖို့ ဝန်မလေးကြသူတွေဖြစ်တယ်ဆိုတာ ဆရာမောင်လေးအောင်က ညွှန်းဆိုချင်ပုံရပါတယ်။

ကျနော်တို့တွေဟာ သိုးတွေ မဟုတ်ကြပါဘူး၊သိုးထိန်းတွေရဲ့ လမ်းနောက် တကောက်ကောက်လျှောက်လိုက်နေတတ်သူတွေ မဟုတ်ကြပါဘူး။သိုးထိန်းခွေးတွေရဲ့ ခြောက်လှန့်မှုကို တုန်လှုပ်ခြောက်ခြားနေသူတွေလည်းမဟုတ်ကြပါဘူး။ဒါကြောင့် အစဉ်အလာဆိုတဲ့ ဘုရားကို ကိုးကွယ်စရာမလိုတဲ့ လူသားဟာ ဘယ်လိုလူစားမျိုးဖြစ်သလဲဆိုတာ မောင်လေးအောင်ရဲ့ ကဗျာကိုပဲ ဖတ်ကြည့်ကြပါဦးစို့လားခင်ဗျာ။

သိုးများ ကဗျာ မရေးတတ်

‘ဖိုးတူးဖိုး’လို

ထိုးစစ်နဲ့ခံစစ်

လှေကားထစ် ခုခံ

မြားဦးသဏ္ဍာန် ထားပြီး

ဘောလုံး ကစားသလို

ထားသိုနေရာ ဒါ ကဗျာလား

ဟိုနားမှာနေ ဟိုအခြေကိုသွား

ပုံသေကားချ ထုံးဆိုရင်

သုံးချက်ညီလား လေးသုံးနှစ်လား

မွန်းအစ် အိုက်ဟောင်တဲ့

ခြင်ထောင် အဟောင်းကြီးထဲမှာ

ကြေးကြောင်း အရစ်ရစ်နဲ့

ငါ စိတ်ညစ်မိပါရဲ့။

ပုံစံဆိုတဲ့

ငါ့ကို ချုပ်ကိုင်ဆွဲပြီး

အမြဲ ခြောက်လှန့်နေတဲ့

တစ္ဆေ၊ တစ္ဆေရဲ့ လက်က

နှောင့်ယှက် ဟန့်တားပြီး

‘ရှေးဟောင်း’ဆိုတဲ့ ဓားနဲ့

ငါ့နှလုံးသားကို ထောက်လို့ပါလား။

ရှေးဟောင်းပြတိုက် ဗီရိုမှန်အိမ်မှာ

ကြေးပုဆိန်တွေ ညှိုးမှိန်နေတဲ့ ပေထုပ်

ရတုဘုရင်ရဲ့ အရုပ်

ချုပ်ရိုးပြုတ်နေတဲ့ ကျမ်းတွေ ကျမ်းတွေ

အို….မနည်းပေပါလား

ဒါကို ငါ လေးစားပါရဲ့

ဒါပေမဲ့ သူတို့နောက်ကို

တကောက်ကောက် တစိုက်စိုက် လိုက်ဖို့

ဒါ မိုက်မဲမယ် ထင်တယ်

‘အစဉ်အလာ’ဆိုတဲ့ ဘုရားသခင်ကို

ငါ မကိုးကွယ်ချင်ဘူး

မဆင်ခြင် မသိတဲ့

‘ဒိဌိ’လို့ ဆိုချင်ဆိုတော့

သိုးတွေဟာ

ကဗျာမရေးတတ်ဘူး

ကဗျာစပ်တဲ့လူဟာ သိုး မဟုတ်ဘူး။ ။

မောင်လေးအောင်

‌ကျော်ကိုကို (၁.၁.၂၀၂၃)

Red News Agency

By Editor