” အညာသူ အညာသားတွေဖြစ်တဲ့ ဖုံထူတဲ့ လှည်းလမ်းမ ပေါ်တွေမှာ၊ စပါးခင်း ရိုးပြတ်တောတွေမှာ သွေနဲ့ရင်းပြီး မိုင်းသံတွေ ထွက်ပေါ်လာခဲ့တယ်။ ကျေးရွာတွေကို မီးမြိုက်ခံပြီး လက်လုပ်သေနတ်သံတွေ ထွက်ပေါ်လာခဲ့တယ်”
ဘဇော် ရေးသားသည်။
နွေဦးတော်လှန်ရေးမှာ အညာသူ အညာသား တွေအကြောင်း စာဖွဲ့မကုန်နိုင်အောင် ရှိလှပါတယ်။ စစ်ကောင်စီတပ်ကို အသေခံတိုက်တဲ့ တိုက်ပွဲတွေ၊ နားကပ်တွေချွတ်လှူကြတာတွေ၊ အညာသူရိုးရိုးကြီးတွေရဲ့ တော်လှန်လိုစိတ်၊ အညာသား ရိုးရိုးကြီးတွေရဲ့ စစ်ကျွန်မခံလိုစိတ်တွေဟာ ကမ္ဘာတစ်ခြမ်းအထိ ဟိုးဟိုးလေးတကြော်ကြော် ပြည်သူတွေမျှော်လင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးမှာ အညာမြေတခွင်က စစ်တလင်းတွေအကြောင်းလည်း အများအသိဖြစ်ပါတယ်။ အခုတစ်ခါ ပြောပြချင်တာက အညာမြေတစ်ခွင်က အွန်လိုင်းပေါ်မှာ မတက်လာတဲ့ လောင်မြိုက်ခံ ဘဝများအကြောင်းပဲဖြစ်ပါတယ်။
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တောတောင်ရေမြေ သဘာဝနဲ့ မူလ အခွင့်အရေးတွေအရ နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်ပွဲတွေဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း လွတ်လပ်ရေးရပြီး အဆက်ဆက်သော အစိုးရတို့ရဲ့ နှိပ်ကွပ်မှု၊ အဆက်ဆက်သော စစ်ကျွန်လူတစ်စုရဲ့ နှိပ်ကွပ်မှုအောက်မှာ မူဝါဒရေးရာမှာ အားကောင်းခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကိုတော့ တခန်းရပ်ခဲ့ ရပါတယ်။
အခု နွေဦးတော်လှန်ရေးမှာတော့ ကွန်မြူနစ်ယုံကြည်သူတွေက ပြည်သူတွေအတွက် အသက်ကို ပဓာနမထားပဲ စစ်အာဏာရှင်ကို နိုင်ငံရေးအရပါအဝင် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့ ပြင်ဆင်နေသလို ဆင်နွှဲနေသူတွေလည်း ရှိနေပြီဖြစ်ပါတယ်။ ထပ်ပြီးထူးခြားလာတာက မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းက အညာသားကြီးတွေ လက်နက်ကိုင်လာကြတယ်။ အညာမြေတခွင် စစ်တလင်းဟာ လူမှုကွန်ယက်ပေါ်မှာ ထင်ရှားကျော်ကြားသလောက် မြေပြင်အနေအထားဟာ လူမှုကွန်ယက် ပေါ်မှာလောက် အောင်ပွဲမခံနိုင်တဲ့ နေရာတွေရှိနေတယ်ဆိုတာကို အသိပေးချင်ပါတယ်။
အုပ်စုဖွဲ့ နယ်မြေခွဲဝေမှုနဲ့ ဗိုလ်လုပ်ချင်တဲ့ ပြဿနာ
စစ်တပ်အာဏာသိမ်းပြီး နွေဦးတော်လှန်ရေးမှာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ကလေးလူကြီး တအိမ်လုံး တနိုင်ငံလုံးနီးပါး လမ်းမပေါ်တက်ဆန္ဒပြခဲ့ကြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေပေမဲ့ အာဏာသိမ်းစစ်တပ်ကတော့ ခေါင်းကို တည့်တည့် ပစ်ခတ်သတ်ဖြတ်ပြတာတွေဟာ နေပြည်တော်မှစပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း စတဲ့ တစ်နိုင်ငံလုံးကို လုပ်ပစ်တဲ့နောက်ပိုင်း စစ်အာဏာရှင်နဲ့ လက်ပါးစေတွေရဲ့ ယုတ်မာမှုကို လက်နက် လက်နက်ခြင်း ယှဉ်ပြိုင်တိုက်ခိုက်မဲ့ ခုခံစစ် ပြောက်ကျားစစ်တွေ နိုင်ငံအနှံ့မှာ ဆင်နွှဲလာပါတယ်။ အဲဒီအထဲမှာ အညာသူ အညာသားတွေဖြစ်တဲ့ ဖုံထူတဲ့ လှည်းလမ်းမ ပေါ်တွေမှာ၊ စပါးခင်း ရိုးပြတ်တောတွေမှာ သွေနဲ့ရင်းပြီး မိုင်းသံတွေ ထွက်ပေါ်လာခဲ့တယ်။ ကျေးရွာတွေကို မီးမြိုက်ခံပြီး လက်လုပ်သေနတ်သံတွေ ထွက်ပေါ်လာခဲ့တယ်။
ဒီမိုကရေစီကိုလားတယ်၊ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ စိတ်လိုလက်ရ သတ်ဖြတ်မှုတွေကို ငြိမ်ခံလို့မရဘူး သူသေ ကိုယ်သေ တိုက်ရမယ်ဆိုတဲ့ စိတ်တခုနဲ့ လက်နက်ကိုင်လာကြတာ အခုဆိုရင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲက မြို့နယ်တချို့မှာ တော့ ရွာတိုင်းမှာ ရပ်ရွာကာကွယ်ရေးအဖွဲ့တွေရှိနေပြီးတော့ အမည်အမျိုးမျိုးနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအဖွဲ့တွေပေါ် ပေါက်နေပါတယ်။ တချို့လဲ တပ်မ တပ်ရင်း တပ်စိတ် ပုံစံအမျိုးမျိုးနဲ့ တူရာတွေစု မတူရာတွေခွဲ လုပ်နေကြပါတယ်။ အားလုံးကတော့ စစ်ကောင်စီတပ်တွေရောက်လာရင် တိုက်နေကြတာမှန်ပါတယ်။ ဒါပေမဲ့ ရိုးရိုးကြီးအညာသားတွေနဲ့ ဆန်းဆန်းပြားပြား အညာသားတွေမှာတော့ မတူညီတာတွေရှိလာကြတယ်။
အညာသားအကြောင်းဆိုတာလည်း အညာသား တွေနဲ့ပေါင်းဖူးမှ အညာမြေမှာနေဖူး အညာရေကို သောက်ဖူးမှသိတာကိုး။ အညာသားတွေများ လည်ပြီဟေ့ဆို တော်တော်လူ လိုက်တုဖို့ မလွယ်ဘူး ဒါကလည်း သဘာဝရေမြေနဲ့ လောကဓံကပေးတဲ့ ပညာတွေသာ ဖြစ်တယ်။ အညာသားတွေထဲမှာ အခုနာမည်ကြီးနေတဲ့ ကိုနိုင်လင်း (ဗိုလ်နဂါး) ဆိုတာ လူရိုးလူအ ဘယ်ဟုတ်မလဲဗျာ ဒါကတော့ သေချာပါတယ်။ ရပ်ရွာကာကွယ် ရေးဆိုပြီး ဘယ်သူမှမသိတဲ့ အဖွဲ့အစည်းနာမည်မရှိတဲ့ တောသားရိုးရိုးကြီးတွေ မိုင်းခွဲတိုက်ခိုက်နေကြတာလည်း ရှိတယ်ဆိုတာကို အညာမြေက အညာရေကိုသောက်ပြီး လောင်မြိုက်ခံရတဲ့ သူတွေသိပါတယ်။
အခုတော့ ခုခံတော်လှန်စစ်ဟာလည်း တစ်နှစ်ကျော်လာပြီ စစ်ကောင်စီတပ်သားတွေကလည်း အညာမြေမှာ အတုံးအရုန်းသေနေကြပြီ။ မြို့တွေပေါ်လောက်သာ နေရာယူထားနိုင်ပြီး တောရွာတွေဘက်မှာတော့ စစ်ကြောင်းလောက်သာသွားနိုင်တဲ့ နေရာတွေ စစ်ကြောင်းမရောက်တဲ့ ကျေးရွာတွေ အများကြီးရှိနေပြီဖြစ်ပါတယ်။ ဒါကတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ရေစကြို၊ ပေါက်၊ မြိုင်၊ ပခုက္ကူ၊ ဆိပ်ဖြူတဲ့ စစ်ကိုင်းနဲ့ချင်းပြည်နယ် အစပ်တကြောက မြို့နယ်တွေပေါ့။ မကွေး၊ ရေနံချောင်း၊ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ပွင့်ဖြူ၊လယ်ကိုင်း၊စကု၊ မင်းဘူးဆိုတဲ့ မြစ်အရှေ့ဘက် အနောက်ဘက် မကွေးမြို့နဲ့ နီးစပ်ပြီး တောမရှိတဲ့ အရပ်တွေမှာ တော့ ပြောက်ကျား ပြောက်ကျားလောက်သာဖြစ်နေတာပါ။ ရေစကြို၊ ပေါက်၊ မြိုင် ဘက်လောက် အခြေအနေက စစ်ကောင်စီကို မတိုက်ခိုက်နိုင်သေးပါဘူး။ မကွေးတိုင်းက စေတုတ္တရာနဲ့ ပဒါန်း ဘက်တကြောမှာတော့ ရခိုင်ပြည်နယ်အစပ်ဖြစ်လို့ တောတောင် ထူထပ်လို့ စစ်ကြောင်းထိုးတာတွေနဲ့ တိုက်ပွဲတွေက မကြာခဏဖြစ်တတ်ပါတယ်။ ပြောချင်တာက ပထဝီအနေအထားရ တိုက်နိုင်တဲ့ နေရာတွေက တိုက်နေကြတာ အားရစရာဖြစ်ပါတယ်။ မြို့နယ်တိုင်းမှာတော့ PDF အဖွဲ့တွေရှိနေပါတယ်။ ကိုယ့်မြို့နယ်ထဲမှာ အထိုင်ချဖို့ဆိုတာကတော့ တောတောင်ရေမြေအနေအထားအရ လိုအပ်ချက်တွေရှိနေပါတယ်။
အခုဆိုရင် စစ်ကောင်စီဘက်က ကျဆုံးမှုတွေ နယ်မြေဆုံးရှုံးမှုတွေ များလာတာနဲ့အမျှ နယ်မြေအတွင်းက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဟာလည်း များလာတယ်၊ အရင်က တစ်ဖွဲ့ဟာအခုဆိုရင် သုံးဖွဲ့လောက်ဖြစ်နေပါပြီ၊ လူအင်အားကလည်း များလာသလို အဖွဲ့တွေဟာလည်း ခွဲထွက်လာကြတယ်။ တကယ်တိုက်နေတဲ့ အဖွဲ့တွေဟာလည်း ရှိသလို ရပ်ရွာကာကွယ်ရေး အဖွဲ့လောက်လုပ်နေသူတွေလည်းအများကြီးဖြစ်နေပါပြီ။ လူမှုကွန်ယက်မှာတက်လာတဲ့ အဖွဲ့အစည်းတွေထက် မြေပြင်မှာ အဖွဲ့ တွေဟာ ပိုများလာနေပြီဖြစ်တယ်။ စစ်ကောင်စီနယ်မြေလွှမ်းမို့မှု မရှိတဲ့ နေရာတွေမှာ အနည်းဆုံး တရွာတစ်ဖွဲ့ကတော့ ရှိနေပြီ ဖြစ်ပါတယ်။ တချို့လဲ အဖွဲ့တွေကို ကိုယ့်လက်ထဲရောက်အောင်လုပ်ပြီး ကိုယ့်နယ်မြေအဖြစ် ချဲ့ထွင်တဲ့ အလှူငွေများများ၊ NUG အသိအမှတ်ပြု၊ လက်နက်အင်အား (လက်လုပ်မိုင်း၊လက်လုပ်သေနတ်) များတဲ့ နာမည်ရှိတဲ့အဖွဲ့တွေက လုပ်ဆောင်နေကြ ပါတယ်။ နယ်မြေတွေခွဲလာကြတယ်၊ အုပ်စုတွေဖွဲ့လာတယ်၊ ဗိုလ်တွေများလာတယ်။ အဲဒီမှာ ဒေသခံပြည်သူတွေနဲ့ အညာသား ရိုးရိုးကြီးတွေက လောင်မြိုက်ခံကြရတော့တာပါပဲ။ တစ်ဖွဲ့တစ်ဗိုလ်နဲ့ ဗိုလ်သန်းချီမွေးထုတ်နေကြရော့သာလားလို့တောင် ဖြစ်နေပါပြီ။
သေနတ်ပြောင်းဝကလာတဲ့ အာဏာခွဲဝေမှု
အညာမြေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေများလာတဲ့ အခြေအနေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို ကြုံနေကြရပါပြီ။ အဲဒါကတော့ အာဏာခွဲဝေမှုနဲ့ ယှဉ်ပြိုင်မှုတွေဖြစ်လာတာပါပဲ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယှဉ်ပြိုင်မှုတွေဟာ အချင်းချင်းပစ်ခတ်မှုအဆင့်ထိ လုပ်လာကြတာတွေရှိလာပါတယ်။ ကိုယ့်နယ်မြေ ပြဿနာမတက်ရေးအတွက် အခြားသူနယ်မြေမှာ မိုင်းခွဲ ရုပ်သံရိုက် လူမှုကွန်ရက်တွေပေါ်တင်လာ အလှူခံလုပ်လာ ကြပါတယ်။ တချို့သော တိုက်ပွဲဆိုတာတွေဟာ တိုက်ပွဲမဟုတ် ဟန်ပြလုပ်လာကြတာတွေ ရှိလာပြီဖြစ်ပါတယ်။ ယင်းမာပင်ခရိုင်က မိတ်ဆွေတဦးကတော့ “ ဒေသခံပြည်သူတွေရဲ့ အခက်ခဲက အများကြီးပဲ၊ အဲဒီထဲကမှ လက်နက်ကိုင်တွေ များလာတာ၊ လမ်းမှာဆိုလည်း ခရီးသွားကားတွေကို သေနတ်တွေလွယ်ပြီး အလှူခံနေတာ၊ စကစကယူတာ မီးရှို့တာတွေကြောင့် ပစ္စည်းတွေကုန်ပေမဲ့ စိတ်ထဲမှာ ဆန့်ကျင်ဘက်မို့ဆိုတဲ့ အတွေးရှိနေလို့ တော်သေးတယ်။ အချင်းချင်းကဆိုတဲ့စိတ်နဲ့ ရူးတောင်သွားနိုင်တယ်” လို့ ဆိုပါတယ်။
တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ တော်လှန်ရေးအဖွဲ့အစည်းတွေမှာလိုအပ်ချက်တွေများလာပြီဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေမှာလည်း ရပ်တည်ရေးအတွက် မြေပေါ်မြေအောက် သယံဇာတတွေကို ထုတ်လုပ်ခဲ့တာရှိပါတယ်၊ ဒီကနေ့အချိန်ထိပြောပါတော့။ သယံဇာတတွေပေါတဲ့နယ်မြေက လက်နက်ကိုင် တွေဟာ တိုက်ပွဲဖြစ်ကြတယ်၊ ယာယီငြိမ်းချမ်းရေးလုပ်ပြီး အကျိုးအမြတ်ခွဲဝေကြတယ် ဒါက သဘာဝလိုဖြစ်နေကြတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးမှာလည်း သူရွာအပိုင် ကိုယ့်နယ်အပိုင်ဆိုတာမျိုးတွေ အညာမြေတခွင်မှာ လုပ်နေကြပြီ။ ကိုယ့်နယ်အတွင်းက ပြည်သူတွေ စစ်ကောင်စီတပ်မီးရှို့သွားလို့ လိုအပ်ချက်တွေရှိနေရင်တောင် ကိုယ့်အပိုင်ထဲကမဟုတ်တဲ့ အခြားနယ်က လာလှူရင် မယူတာတွေတောင်ရှိနေပါတယ်။ နယ်မြေခွဲဝေမှုနဲ့ နယ်မြေ နယ်မြေလုသွားမှာ ပြည်သူတွေ လက်ခံသွားမှာကို နယ်မြေတာဝန်ခံတွေက စိုးရိမ်နေကြတာဖြစ်တယ်၊ သူတို့နယ်မြေကို အခြားလူတွေဝင်လာမှာ မလိုလားတာ တွေဖြစ်နေကြတယ်။ မဟာမိတ်တွေလုပ် အလှူခံပြီး ကိုယ့်အဖွဲ့ကိုယ်တောင့်အောင်လုပ်ပြီး ကိုယ့်နယ်မြေကို အုပ်ချုပ်ချင်နေကြပြီဖြစ်တယ်။
သေနတ်ကိုင်အဖွဲ့အစည်းအတွင်းမှာ လိုအပ်ချက်တွေများ လာသလောက် အလှူခံမှုတွေက ဝင်ငွေရမှု နည်းလာလေ နယ်မြေအတွင်းက ငွေရနိုင်တဲ့ အနေအထားတွေ လုပ်နေကြရပြီ။ အခွန်ကိစ္စတွေကို အမျိုးသားညီညွတ်ရေးအစိုးရကလည်း တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အခွန်လောက်နဲ့ အဆင်မပြေနိုင် ငွေပိုလိုအပ်နေတဲ့ အဖွဲ့အစည်တွေအတွက်တော့ ကိုယ့်နယ်မြေ အတွင်းက သစ်တောတွေ ရေနံတွေ ထုတ်လုပ်နေကြပြီ။ တချို့သော အညာမြေက အဖွဲ့အစည်းတွေမှာ ကျိုးစီးပွားတွေပါနေပြီးတော့ ကိုယ့်နယ်မြေအတွင်း အခွန်ကောက်ခံမှုတွေမှာ နှစ်လုံးရောင်း သုံးလုံးရောင်းက စတင်ပြီး အမျိုးမျိုးသော ဝင်ငွေကိုရှာဖွေလာကြသူတွေ ရှိနေပြီဖြစ်တယ်ဆိုတာကို ဒေသခံပြည်သူတွေ အသိဆုံးဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတိုင်းကို ဒါမျိုးလုပ်နေတယ်လို့တော့ ပြောမရပါဘူး ဘာ့ကြောင့်လဲဆိုရင် နိုင်ငံရေးရည်မှန်းချက် ယုံကြည်ချက် ခံယူချက်တွေနဲ့ တော်လှန်ရေးကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေလည်းရှိနေပါတယ်။ ပြည်သူအတွက် ယုံကြည်ချက်အပြည့်နဲ့ အသက်သေခံလုပ်နေကြတဲ့ အဖွဲ့အစည်းတွေလည်း အသက်ပေးသွားတဲ့ ရဲဘော်တွေဟာလည်း အများအပြားဖြစ်နေပါပြီ။ နယ်မြေတိုင်းမှာတော့ ကောင်းတဲ့အဖွဲ့တွေရှိသလို ကိုယ်ကျိုးအတွက် လုပ်နေတဲ့ အဖွဲ့အစည်းတွေလည်းရှိနေတယ်ဆိုတာကို ဒေသခံတွေဆီက ထပ်ကြားရပါတယ်။
အညာမြေမှာ လူမသိ သူမသိ နာမည်မရှိတဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေဟာ ကျေးရွာအနီးတိုက်ပွဲတွေကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ သူတို့တွေဟာ နာမည်ရှိ အဖွဲ့အစည်းတွေကို လုပ်ဆောင်ချက် ဓာတ်ပုံတွေ ရုပ်သံတွေပေးပို့ပြီး အနည်းငယ်သော အလှူငွေကို မျှယူနေကြရတဲ့ အနေအထားဖြစ်ပါတယ်။ ရပ်ရွာ ကာကွယ်ရေးအဖွဲ့တွေနဲ့ တချို့သော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့သားတွေရဲ့ဘဝတွေမှာ ယမ်းထောင်းရင်း မျက်လုံးထိခိုက်တာတွေ ခန္ဓာကိုယ် မီးလောင်မှုတွေ ပေါက်ကွဲမှုကြောင့် လူမသိသူမသိသေဆုံးသွားတာတွေ အများကြီးရှိနေပါတယ်။ တကယ့်မြေပြင်အနေအထားဟာ လူမှုကွန်ယက်ပေါ်မှာလောက် အောင်ပွဲတွေခံနေတာ မဟုတ်ပါဘူး။ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားရတဲ့ အညာသူ အညာသားတွေ၊ ဒလန်သတ်မှတ်ခံရပြီး သေဆုံးသွားရတဲ့ ဒေသခံပြည်သူတွေ၊ ဘယ်အဖွဲ့အစည်းကမှန်းမသိ သတ်သွားခံရတဲ့ ပြည်သူတွေဟာ လူမှုကွန်ယက်ပေါ်ကို ရောက်မလာခဲ့ပါဘူး။ သေနတ်မြင် ထိတ်လန့်နေရတဲ့ ပြည်သူတွေဟာလည်း အများကြီး ရှိနေပါတယ်။ လက်နက်လက်ထဲရှိရင် ဗိုလ်လုပ်ချင်နေတဲ့ လူတစ်စုဟာ ရှိနေပြီဖြစ်တယ်။ ဒေသခံပြည်သူတွေမှာ ချစ်ရတဲ့ တော်လှန်ရေးသမားလက်နက်ကိုင်တွေရှိသလို လန့်ရတဲ့ တော်လှန်ရေးအမည်ခံတွေ၊ ကြောက်ရတဲ့ လက်နက်ကိုင်တွေ တချို့ဆိုရင် စစ်ကောင်စီတပ်နှင့်နည်းနည်းသာ ခြားတဲ့ အဖွဲ့တွေရှိနေပါတယ်။
လက်နက်ကိုင်ထားတဲ့အဖွဲ့တွေမှာ နိုင်ငံရေးအတွေးအခေါ်နဲ့ ပြည်သူ့ဘက်သာ မျက်နှာမမူဘူးဆိုရင် ထိန်းသိမ်းဖို့ခက်လှပါတယ်။ အဲဒါကြောင့် လက်နက်ကိုင်အဖွဲ့တည်ထောင်သူတွေ မဟာမိတ်အဖြစ်ပူးပေါင်းသူတွေမှာ မူဝါဒကောင်းဖို့လိုအပ်သလို ပါဝင်သူ တွေ ဦးဆောင်သူတွေကလည်း လူကောင်းတွေဖြစ်ဖို့လိုပါတယ်။ လက်ရှိအနေအထားမှာတော့ လက်နက်ကိုင် အဖွဲ့အစည်း အမျိုးမျိုးပေါ်ပေါက်နေတဲ့အပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့က တာဝန်ရှိတဲ့အတိုင်း တာဝန်ယူဖြေရှင်းဖို့ စည်းမျဉ်းစည်းကမ်းတွေတင်းကြပ်ဖို့ လိုအပ်ပါတယ်။ NUG လက်အောက်မှာ မနေနိုင်တဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်း မဟာမိတ်ဆက်ဆံရေးနဲ့ တပ်တွင်းစည်းကမ်း တင်းကြပ်ဖို့ လိုအပ်ပါတယ်။ အဓိက အရေးကြီးဆုံးအချက်ကတော့ ပြည်သူဘက်ကို မျက်နှာမူပြီး စစ်အာဏာရှင်တွေကို တိုက်ထုတ်ဖို့ပါ။ ကျဆုံးသွားတဲ့ ရဲဘော် ညီအစ်ကိုတွေကို ကျေးဇူးမကန်းဖို့ အရိုးတွေပြပြီး လုပ်မစားကြဖို့ အရေးကြီးပါတယ်။ လက်နက်ကိုင်ဗိုလ်လုပ်ပြီး အဖွဲ့အတွင်း အပါအဝင်ပြည်သူလူထုကို စော်ကားမိတာ နည်းနည်းလေးမှ မလုပ်မိဖို့ အရေးကြီးပါတယ်။ အဲလိုမှ ပြည်သူ့မျက်နှာ မမူကြရင် တော့ တနေ့ သူ့နယ် ကိုယ့်နယ် သူ့လူ ကိုယ့်လူ သူ့လုပ်ကွက် ကိုယ့်လုပ်ကွက်ဆိုတာတွေနဲ့ အချင်းချင်းပြန်ချကုန်တော့မဲ့ အနေအထား ဖြစ်လာမှာပါ။
တော်လှန်ရေးခရီး ဘယ်ထိပေါက်နေပြီလဲ
စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးခရီး ခုခံစစ်ပွဲ ဆင်နွှဲလာတာဆိုရင် တချို့သော လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေဟာ တစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ အခု နွေဦးတော်လှန်ရေးကျမှ စစ်ကောင်စီတပ်တွေ နယ်မြေစိုးမိုးမှုမရနိုင်တဲ့ နေရာတွေ အများကြီးဖြစ်လာပါပြီ။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်တို့မှာလဲ အရင်က စစ်ကောင်စီနယ်မြေတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နှစ်ပေါင်း များစွာ တည်ဆောက်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တို့ရဲ့ ထောက်ပံ့မှု တိုက်ခိုက်မှုတွေကြောင့် နယ်မြေ စိုးမိုးမှုတွေ တိုးလာနေပါပြီ။ စစ်ကောင်စီတပ်ဟာ အခြားတိုင်းနဲ့ပြည်နယ်တွေမှာ စစ်ရေးလှုပ်ရှားနေရတဲ့အတွက် ရခိုင်ပြည်နယ်မှာ ထိထိ ရောက်ရောက် မလုပ်ဆောင်နိုင်တဲ့အခါ တည်ဆောက်မှုအားကောင်းပြီး နယ်မြေစိုးမိုးမှုတွေကို AA ကလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီတပ်တွေဟာ တိုင်းမြို့တော်တွေ မြို့တွေမှာပဲ အထိုင်ချ စိုးမိုးနေကြ ပြီးတော့ ကျေးလက်ကိုတော့ လက်လွှတ်ဆုံးရှုံးနေပါပြီ၊ အညာမြေဒေသမှာတော့ ကျေးလက်တွေကို အင်အားရာချီတဲ့ စစ်ကြောင်း တွေနဲ့ လေကြောင်းအသုံးပြုပြီးတိုက်ခိုက်တာတွေကို စစ်ကောင်စီတပ်တွေလုပ်နေရတဲ့ အနေအထားဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ကျေးလက်တောရွာတွေကို ဆုံးရှုံးနေရသလို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကလည်း နေ့စဉ်နဲ့အမျှ နှုတ်ထွက်တာတွေ လုပ်နေကြသလို စစ်ကောင်စီတပ်အတွင်းက တပ်သားတွေကလည်း အခွင့်အရေးရတာနဲ့ ပြေးနေကြ တော်လှန်ရေးအင်အားစုတွေဆီမှာ ခိုလှုံနေကြပါတယ်၊ ခေတ်ပျက်ကြီးထဲမှာ တပ်ပျက်နေတာက အစဉ်အလာလို ဖြစ်နေပါပြီ။ နိုင်ငံတကာ ဆက်ဆံရေးအရလည်း ရှုံးနိမ့်နေတာဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုအပါအဝင် အနုနည်းတွေနဲ့ စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတွေကို ထိုးနှက်နေတာဖြစ်ပါတယ်။ မြို့ပြနေ ပြည်သူတွေ ဟာလည်း စစ်ကောင်စီတပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို လက်မခံကြပါဘူး အခြေအနေတခုအရသာ ငြိမ်ခံနေ ကြရတာဖြစ်ပေမဲ့ အခွင့်သာတိုင်း စစ်ကောင်စီကို တော်လှန်ဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ကူညီဖို့ လက်မနှေးကြပါဘူး။ တောနယ်တွေ မှာလည်းဆိုရင် ဒေသခံပြည်သူတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်လှုပ်ရှားနေတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရှိ နေပါတယ်။ ကမ္ဘာအနှံ့က မြန်မာနိုင်ငံသားတွေ ကမ္ဘာ့နိုင်ငံသားတွေကလည်း စစ်ကောင်စီတပ်လုပ်ရပ်ကို လက်မခံနိုင်လို့ တော်လှန်ရေးအင်အားစုကို တက်နိုင်တဲ့နေရာကနေ ထောက်ပံ့ကူညီနေကြတာဖြစ်ပါတယ်။
ပြည်သူ့အစိုးရထံက အာဏာသိမ်းလိုက်တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီနဲ့အပေါင်းအပါတွေဟာ နေ့စဉ်နဲ့အမျှ စိတ်သောကတွေနဲ့ ရှင်သန်နေကြရတာဖြစ်ပါတယ်၊ ရန်ကုန်မြို့ မြို့လည်တွေမှာတောင် ဘန်ကာတွေ အခိုင်အမာဆောက်ပြီး ပုန်းနေကြပေမဲ့ သူတို့တွေဘဝ စိုးရိမ်ထိတ်လန့်စွာနဲ့ နေကြရ သေကြရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်မှာဆိုလည်း တပ်မအလိုက် သေဆုံးနေကြရ တပ်စခန်းတွေ အသိမ်းခံကြရနဲ့ အခြေအနေဆိုးဆိုးနဲ့ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်း စစ်ကိုင်းတိုင်းတို့မှာလည်း နေ့စဉ်နီးပါး စစ်ကောင်စီတပ်သားတွေ သေဆုံး နေတာဖြစ်ပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းလိုက် ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ နယ်မြေကျွမ်းကျင်မှု မရှိတဲ့ စစ်ကောင်စီတပ်သား စစ်ကြောင်းတွေဟာ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုကို လှိမ့်နေအောင် ခံနေရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ တပ်ပျက်နေတာဖြစ်ပေမဲ့ ယန္တရား တခုလုံး ပျက်စီး နေတာတော့ မဟုတ်ပါဘူး။ အခုချိန်ထိ နိုင်ငံတော်အဆင့် ပြင်ဆင်ထားတဲ့ လူအင်အား လက်နက်အင်အား ငွေအင်အား တောင့်တင်းတဲ့အတွက် အလုံးစုံပျက်စီးသွားဖို့ဆိုတာတော့ မလွယ်လှပါဘူး။ ဒါပေမဲ့ ပြည်သူတွေအားနဲ့ တော်လှန်ရေး အင်အားစု တွေကြောင့် စစ်အာဏာရှင်တွေရဲ့ စနစ်တွေဟာ ယိုင်နဲ့ပျက်စီးနေတာက မလွဲမသွေဖြစ်ပါတယ်။
မပြီးဆုံးနိုင်သေးတဲ့ လောင်မြိုက်ခံ ဘဝတွေ
ဟောဒီနွေဦးတော်လှန်ရေးမတိုင်ခင် လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ကတည်းက စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို တိုင်းရင်းသားပြည်သူများ ခါးစည်းခံခဲ့ကြရပါတယ်။ တောင်တန်းဒေသတွေက ပြည်သူတွေမှာ အသတ်ခံရ၊ မုဒိန်းကျင့်ခံရ၊ ရွာလုံးကျွတ်မီးရှို့ခံရခြင်းစတဲ့ လူမဆန်တဲ့ ဗမာစစ်တပ်ရဲ့ ယုတ်မာမှုမျိုးစုံခံခဲ့ကြရတယ်။ အဲအချိန်တုန်းက ပြည်မမှာ ခံခဲ့ရကြတယ်ဆိုပေမဲ့ တောင်တန်းဒေသက ပြည်သူတွေနဲ့စာရင် စာမဖွဲ့လောက်ပါဘူး။ အခုနွေဦးတော်လှန်ရေးမှာတော့ အညာမြေမှာက ပြည်သူတွေဟာ လက်တွေ့ကျကျ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မှာမှုကို ကိုယ်တိုင်ခံစားခဲ့ကြရပြီ။ ပြည်မက ပြည်သူအားလုံးကလည်း စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှုတွေကို မျက်မြင်ကိုယ်တွေ့ ကိုယ်တိုင်ခံစားနေကြရပြီ ဖြစ်တယ်။ လမ်းမပေါ်မှာထိ ခေါင်းကိုတည့်တည့်ပစ်သတ်ခံလိုက်ရတဲ့ ပြည်သူတွေဟာ လူတွေကြားထဲမှာ ဖြစ်ခဲ့၊ ကျေးလက် တောရွာတွေမှာ မီးရှို့သတ်ခံရ၊ လူတွေအစုလိုက်အပြုံလိုက် အသတ်ခံရ၊ ရွာလုံးကျွတ်မီးရှို့ခံရ၊ စစ်ကြောရေးတွေမှာအသတ်ခံရ၊ ပိုင်ဆိုင်မှုတွေအသိမ်းခံရနဲ့ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ဆက်တိုက်ခံနေကြရတာဖြစ်ပါတယ်။
စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုတွေဟာ ကမ္ဘာကြီးကလက်မခံနိုင်ပေမဲ့ မြန်မာပြည်သူတွေကတော့ ခံနေကြရတာပါ။ ဒီစစ်အာဏာရှင်စနစ် ရှိနေသမျှကာလပတ်လုံး ခံနေကြရအုံးမှာဖြစ်ပါတယ်။ အမြစ်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ် လက်ရှိအနေ အထားအရ တော်လှန်ရေးအင်အားစုတွေအားကောင်းနေတာက အားရစရာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်တော်လှန်ရေးကြီးထဲမှာ ဒီအနေအထားက စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ဖို့ အခွင့်သာနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတွေ အားကောင်းတာနဲ့ အမျှ ပြည်သူလူထုအပေါ်မှာ မျက်နှာမူမှသာ ဖြစ်မယ်။ ပြည်သူအပေါ် ဝန်ပိစေမဲ့ အဖွဲ့အစည်းတွေ များလာတာနဲ့အမျှ ပြည်သူ တွေရဲ့ ဒုက္ခတွေဟာ နေ့စဉ်နဲ့အမျှ ခံစားနေကြရမှာဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလို ကိုယ့်ပြည်သူကို မျက်နှာမူပြီး ယုံကြည်မှုတည်ဆောက်ကြဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးဟာ အချိန်ကြာလာတာနဲ့အမျှ အဖွဲ့အစည်းတွေအနေနဲ့ ရပ်တည်ဖို့ ခက်ခဲလာကြမှာဖြစ်တယ်။ ပြည်သူတွေရဲ့ ထောက်ပံ့မှုကို အတိုင်းအတာတခုထိသာ ရရှိကြမှာဖြစ်ပါတယ်။ အခု စစ်အတွင်းမှာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ စစ်ဘေးရှောင်နေကြရပြီးတော့ စားသောက်နေရေးအတွက် အခက်အခဲတွေ ဖြစ်နေကြတာပါ။ ဒေသခံပြည်သူတွေမှာ အသက်ဘေးကင်း လုံခြုံရေးအတွက် တော်လှန်ရေးအတွက် အညာသူတွေ မြတ်နိုး တန်ဖိုးထားတဲ့ လက်ဝက်ရတနာတွေပါ ချွတ်ပြီးတော့ လှူဒါန်းနေကြရတာဟာ နောက်ဆုံးအခြေအနေဖြစ်နေတယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်။
တော်လှန်ရေးတခုဟာ ဘယ်တော့ပြီးမလဲဆိုတဲ့ အချိန်ကာလဟာ တွက်ဖို့မလွယ်လှပါဘူး။ အချိန်ကြာလာတာနဲ့အမျှ အဖွဲ့ အစည်းတွေအနေနဲ့လည်း ကိုယ့်အရပ်ဝန်းကျင်က ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုလည်း နားလည်ဖို့လိုအပ်သလို လိုအပ်သလို ပြည်သူ့အတွက် ကြည့်ကြရမှာဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတခုအနေနဲ့ ဖြေရှင်းရတဲ့ အခက်အခဲတွေထဲမှာ ပြည်သူတွေအတွက်က မဖြစ်မနေ ထည့်သွင်းစဉ်းစားကြရမှာဖြစ်တယ်။ လက်ရှိ အညာမြေရဲ့ အနေအထားက တော်လှန်ရေးသာ မပြီးသေးရင် နောင်တနှစ်မှာ အခြေအနေတွေထပ်ဆိုးဖို့ ရှိလာပါတယ်။ မိတ်ဆွေကဗျာဆရာ တော်လှန်ရေးသမားတစ်ယောက်နဲ့ ပြောဖြစ်တော့ ကျနော်တော်လှန်ရေးကြီးကို စိတ်ပျက်လာပြီဗျာ၊ ပြည်သူတွေကို သနားတယ်၊ အဖွဲ့အစည်းတွေထဲမှာ ကိုယ်ကျိုးရှာ နေကြတာများပြီးတော့ ပြည်သူ့မျက်နှာကို မထောက်ကြဘူး၊ တနယ်လုံးလိုအပ်နေတဲ့အချိန်မှာ အဖွဲ့အစည်းအတွက်ကလွဲရင် ပြည်သူတွေကို မျက်နှာမမူကြဘူး၊ လိုအပ်ချက်တွေကလည်း နာမည်ကြီးမှ အဲဒီနာမည်ကြီးတဲ့အကြောင်းအရင်းကလည်း ဟုတ်တာတွေကော မဟုတ်တာတွေကော လူတွေကို အယုံသွင်းပြီး ရယူထားကြတာ အဲဒါတွေကို လူတွေက ယုံနေကြတယ်၊ တကယ့်လက်တွေဘဝတွေဟာ အခြေအနေတွေတော်တော်ဆိုးနေပြီဗျာလို့ ငြီးတွားထားပါတယ်။
ပြည်တွင်းစစ်အဆုံးသတ်ဖို့ ပြည်သူလူထုရဲ့ ဒုက္ခတွေကို အပြန်ဆုံးသတ်ဖို့ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေးသဘောတရားတွေ ရှိဖို့လိုအပ်ပါတယ်။ နိုင်ငံရေးအတွေးအခေါ်မရှိတဲ့အခါ ပြည်သူ့ အတွက်ထက် ကိုယ်ကျိုးစီးပွား၊ မိသားစုအကျိုးစီးပွား၊ အဖွဲ့အစည်းအကျိုးစီးပွားတွေသာ ဖြစ်နေမှာပါ၊ ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်။ လက်နက်ရှိသူတွေ စည်းမရှိတဲ့အခါ ထိန်းချုပ်နိုင်တဲ့ အင်အားမရှိတဲ့အခါ အဖွဲ့အစည်းအချင်းချင်းတွေနဲ့ ဒေသခံပြည်သူတွေအတွက် ဒုက္ခပေးရုံသက်သက်သာ ဖြစ်နေမှာ။ အဲဒါကြောင့် လက်ရှိအနေ အခြေမှာ မဟာမိတ်အချင်းချင်းထိန်းသိမ်းနိုင်ဖို့လိုအပ်သလို အစိုးရအမည်ခံထားတဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း စည်းမျည်းစည်းကမ်းတွေ တင်းကြပ်ရမဲ့ အချိန်ကာလဖြစ်နေပါပြီ။
အခုထက်ဆိုးလာမယ်ဆိုရင်တော့ ပြည်တွင်းစစ်မီးမှာ စစ်အာဏာရှင်တွေရဲ့ ဒုက္ခတင်မကဘဲ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းမသီးသီးရဲ့ နှိပ်စက်မှုတွေကိုလည်း ခံနေကြရမှာဖြစ်တယ်။ ပြည်သူတွေအနေနဲ့လည်း သဘောထားမမှန်ကန်တဲ့ အဖွဲ့အစည်းတွေကို စစ်အာဏာရှင်ကို ဆန့်ကျင်သလို ဆန့်ကျင်ဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးမှာ ပြည်သူလူထုသာလျှင် အဓိကဖြစ်ပါတယ်။ ပြည်သူလက်ခံတဲ့အဖွဲ့အစည်းတွေ များများပေါ်ပေါက်မှသာ ပြည်သူ့အကျိုးသယ်ပိုးနိုင်ကြမှာဖြစ်ပါတယ်။ တော်လှန်ရေးအမြန်အောင်မြင်ဖို့အတွက် ပြည်သူ့ဘက်မျက်နှာမူတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ပေါ်ပေါက်ဖို့လိုအပ်ပါတယ်။ ဒါမှသာ တော်လှန်ရေးဟာ မြန်မြန်ပြီးဆုံးနိုင်ပြီးတော့ ပြည်သူတွေရဲ့ လောင်မြိုက်ခံနေရတဲ့ ဘဝတွေ အမြန်ဆုံးလွတ်မြောက်နိုင်မှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ စစ်မှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ မပေါ်ပေါက်သမျှကာလမှာတော့ ပြည်သူတွေဟာ လောင်မြိုက်ခံနေကြရအုံးမှာဖြစ်ပါတယ်။ ။
ဆိုရှယ်ဒီမိုကရက်စာစဉ် အတွဲ ၁ အမှတ် ၈ ၏ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
Red News Agency