ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးမှုများ ပြုလုပ်

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။
 
အာဏာသိမ်းစစ်ကောင်စီက ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးမှု ရန်ကုန်တိုင်းတွင် စတင်ပြောင်းလဲမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံခရိုင်အတွင်းရှိ နွယ်ခွေ၊ အနန်းပင်၊ ချစ်တီးကုန်း၊ ထောက်ကြံ့တောင်ပိုင်းရပ်ကွက်၊ ကြံခင်းစု၊ ပေါက်ကုန်းရပ်ကွက်စသည့် ၁၄ ခုမှ အုပ်ချုပ်ရေးမှူး ၁၄ ဦးကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အမိန့်ဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးပြောင်းလဲလိုက်ကြောင်း သိရသည်။
ဓာတ်ပုံ : ၂၀၂၀ ရွေးကောက်ပွဲကို ဆန္ဒပြနေသည့် မိတ္ထီလာမြို့နယ်မှ ကြံ့ခိုင်ရေးပါတီဝင်များ။

” အခုအစားမထိုးခင် သူတို့ လက်အောက်ခံဖြစ်ပြီးရော အရင် NLD လက်ထက်က ရွေးကောက်ခံတွေပေါ့ စစ်ကောင်စီနဲ့ပေါင်းပြီး အုပ်ချုပ်ရေးမှူး လုပ်နေတာတွေရှိတယ်၊ နောက်ပြီး​တော့ စစ်ကောင်စီနဲ့မပေါင်းလို့ ထွက်ပြေးတာ နှုတ်ထွက်တာတွေလုပ်တဲ့ ရပ်ကွက်ကျေးရွာတွေမှာတော့ သူတို့အလိုကျ ကြံ့ခိုင်ရေးပါတီဝင်တို့ ပါတီနဲ့နီးစပ်တာတွေ မျိုးချစ်အမည်ခံတွေကို အုပ်ချုပ်ရေးမှူးခန့်ထားတာပေါ့။ အခုက ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီးတော့ ကြံ့ခိုင်ရေးပါတီဝင်တွေကိုပဲ သူတို့ထားတော့မဲ့သဘောဖြစ်နေတယ်၊ ထင်တာကတော့ တော်တော်များများပြောင်းလဲပစ်လိမ့်မယ်၊ လုံခြုံရေးကို ပျူစောထီးတွေကို သူတို့နဲ့အတူ ထားနိုင်တယ်”ဟု ရန်ကုန်မြို့နေ ပြည်သူတဦးက အုပ်ချုပ်ရေးမှူးအပြောင်းအလဲနှင့်ပတ်သက်ပြီး Red News Agency ကိုပြောသည်။
 
ဓာတ်ပုံ : ၂၀၂၀ ရွေးကောက်ပွဲကို ဆန္ဒပြနေသည့် မိတ္ထီလာမြို့နယ်မှ ကြံ့ခိုင်ရေးပါတီဝင်များ။
စစ်ခေါင်းဆောင် ဦးသန်းရွှေလက်ထက်ကတည်းက အုပ်ချုပ်ရေးကို ပြည်ထဲရေးလက်အောက်တွင် ထားခဲ့သော်လည်း NLD အစိုးရလက်ထက်တွင် သမ္မတရုံးလက်အောက်ပြောင်းလဲခဲ့ကြောင်း၊ မြို့နယ်် ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများကို တိုက်ရိုက်ခန့်ထားခဲ့သော်လည်း ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရွေးကောက်ခံအဖြစ် ပြုလုပ်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးများကို ပြည်ထဲရေးက တိုက်ရိုက်ကွပ်ကဲမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
 
ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များကို အစားထိုင်းပြောင်းလဲမှုသည် ကြံ့ခိုင်ရေးပါတီ ဥက္ကဌခင်ရီ၏ လမ်းညွန် အကြံပေးမှုဖြင့် စစ်ကောင်စီက ပြောင်းလဲမှုပြုလုပ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း Red News Agencyအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။
#RedNewsAgency
By Editor