ဒီသေနတ်ကို ယူလာခဲ့တာ ဆုကြေးငွေလိုချင်လို့ မဟုတ်ပါဘူး

ရေငတ်တဲ့ဒဏ် မခံနိုင်တော့ သူငယ်ချင်း ၂ ယောက်ရေရှာခပ်တော့ မိုင်းထိပြီး သူငယ်ချင်းက ဆုံးသွားတယ်။ ကျနော်က ဒဏ်ရာရသွားတယ်

CDM တပ်သားတစ်ဦး

သူငယ်ချင်း ၂ ယောက် CDM ဝင်ဖို့ ကြိုးစားခဲ့တာ ကြာခဲ့ပြီ။ CDM ကူညီရေး အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ မေမေ့ရင်ခွင် အဖွဲ့နဲ့ ချိတ်ဆက်ခဲ့တယ်။ ချက်ခြင်းပဲ ထွက်လာလို့ရတယ်ဆိုပြီး လက်ခံပြီး ကမ်းကူခပါ အကူညီပေးမယ်လို့ ကြိုဆိုခဲ့ပေမယ် ကိုယ်လက်ထဲ ငွေလေးလည်း ဆောင်ထားချင်လို့ လစာလေးထုတ်ပြီးမှ ထွက်ခဲ့မယ်လို့ အကြောင်းပြန်ခဲ့တယ်။ လစာ မထုတ်ခင် ရှေ့တန်းကို ပါသွားတယ်။ 

ရှေ့တန်းမှာ ရိက္ခာမလောက် သောက်စရာရေ မရှိနဲ့ ရှေ့တန်း ကာကင်းကုန်းကို အပို့ခံရတယ်။ ရေငတ်တဲ့ဒဏ် မခံနိုင်တော့ သူငယ်ချင်း ၂ ယောက်ရေရှာခပ်တော့ မိုင်းထိပြီး သူငယ်ချင်းက ဆုံးသွားတယ်။ ကျနော်က ဒဏ်ရာရသွားတယ်။ အဲဒီနောက်မှာ မေမေ့ရင်ခွင် အဖွဲ့နဲ့ ပြန်ပြီး အဆက်အသွယ်ပြတ်သွားတယ်။ ဒဏ်ရာတွေ သက်သာလာမှ အဆက်အသွယ် ပြန်လုပ်နိုင်ခဲ့တယ်။

နောက်တစ်ကြိမ် CDM ဝင်ဖို့ ထပ်စီစဥ်ကြပြန်တယ်။ ဒါပေမယ် အင်တာနက်လိုင်း မကောင်းတာရယ် ကျနော်က ဖုန်းဆက်ဖို့ အဆင်မပြေတာရယ်ကြောင့် အချိတ်အဆက်တွေက လွဲနေပြန်တယ်။ အခုနောက်ဆုံးအခေါက်မှာတော့ ကျနော်ကို PDF အဖွဲ့တွေက လာကြိုတဲ့အချိန်မှာ ကျန်တဲ့သူတွေက မအိပ်သေးတော့ ကျနော်က ထွက်လို့ အဆင်မပြေသေးဘူးလို့ ပြောလိုက်တယ်။ နောက်နေ့ထပ်ကြိုးစားပြီး ထွက်ခဲ့မယ်လို့ ပြောလိုက်တယ်။ ကျနော်ထင်တာက ကျနော်ကို လာခဲ့ဖို့ ပြောတဲ့ နေရာက သူတို့ နေရာလို့ ထင်ထားတာလေ။

ညဘက်ကြီး အခြားလူတွေလည်း အိပ်ရော ကျနော် သေနတ်၊ ကျည်ဆံတွေနဲ့ ဖုန်း ကိုယူပြီး တောက်လျှောက်ပြေးတာ ချိန်းထားတဲ့ ဆုံမှတ်နေရာကိုပဲ ။ ချိန်းထားတဲ့နေရာက တောတွေကျော် တောင်တွေဖြတ် ခြုံတွေတိုးပြီး ပြေးရတာ။ ပြေးနေရင်းနဲ့ ချွေ ထွက်တာေရာ နှင်းစိုတာရောကြောင့် ကျနော် တစ်ကိုယ်လုံး ရေချိုးထားသလို ဖြစ်ပြီး သတ်မှတ်နေရာရောက်ခါနီး တော့ PDF အဖွဲ့တွေကို ဖုန်းဆက်တော့ ဆက်သွယ်မှု ပြင်ပတဲ့။ အဲဒါနဲ့ မေမေ့ရင်ခွင် ရုံးကို ဖုန်းဆက်တော့ သူတို့လည်း အကုန်ပြာယာခတ်ကုန်တယ်ထင်တယ်။ မေးခွန်းတွေ မေးတာလည်း တရဆက်ပဲ။ သတ်မှတ်နေရာရောက်တော့ ဘယ်သူမှလည်း မရှိဘူး။ နောက်မှ သိရတာက အဲဒီနေရာက ကျနော်ကို လာကြိုဖို့ ချိန်းတဲ့နေရာတဲ့။ သူတို့ စခန်းမဟုတ်ဘူး။

သူတို့ စခန်းနဲ့ ဝေးတော့ ညတွင်းချင်း လာကြိုဖို့ အဆင်မပြေတော့ဘူး။ ကျနော်လည်း ချမ်းတုန်နေပြီအဝတ်အစားတွေ ကြိုပြင်ဆင်ထားရင် သိမှာစိုးရိမ်လို့ PDF တွေ အတွက် လိုအပ်မည့် လက်နက်နဲ့ ကျည်ဆံရယ် ဆက်သွယ်ဖို့ ဖုန်းရယ် အခြား အရေးပေါ် လိုအပ်နိုင်တာလေးတွေလောက်ပဲ ပါလာတယ်။ ကျနော် မနက်အထိ တောင့်ခံနိုင်မယ် မထင်ဘူး။ အေးစက် ချမ်းတုန်နေပြီ။ မေမေ့ရင်ခွင် အဖွဲ့ကလည်း အမြန်ဆုံးလာကြိုနိုင်မည့် နောက်အဖွဲ့ကို ထပ်ချိတ်နေတယ်ပြောတယ်။ မီးကဖိုမရ၊ မအလ တွေ လိုက်လာမှာလည်းကြောက်၊ တောကောင် အန္တရာယ်လည်းကြောက် သေနတ်အပါယူဖို့ပဲ အာရုံစိုက်နေလို့ အနွေးအင်္ကျီကမပါ ရေကလည်း ငတ်လာ မနက်ထိ အသက်ဆက်ရှင်ပါမလားတောင် မသိတော့။ 

လာကြိုတဲ့ အဖွဲ့ကို location ပေးတော့လည်း အင်တာနက် လိုင်းကြောင့်လား ဖုန်းကြောင့်လား မသိ location က အမှန်မပေါ်တော့ ရှာမတွေ့။ မနက် အလင်းရောင်သန်းလာတော့ မအလတွေ လိုက်လာတော့ မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့အတူ မိရင်တော့ အသတ်ခံရတော့မယ်ဆိုတဲ့ စိုးရိမ်စိတ်က ပိုလာတယ်။ နေထွက်လာလို့ အအေးသက်သာအောင် နေပူထဲ ထွက်ချင်ပေမယ့် ခြုံထဲကနေ မထွက်ရဲခဲ့ဘူး။ 

နောက်ဆုံးတော့ ကျနော်ကို လာကြိုတဲ့ pdf အဖွဲ့နဲ့ တွေ့ခဲ့ ရပြီ။ ကျနော် အရမ်းဝမ်းသာသွားခဲ့တယ်။ တစ်ညလုံး သွေးခဲ မတတ် ခံစားခဲ့ရတဲ့ ဒဏ်တွေ အိပ်ရေးပျက်ခဲ့တဲ့ ဒဏ်တွေတောင် မေ့သွားတယ်။ ကျနော် ယူလာခဲ့တဲ့ သေနတ်အတွက် ဆုကြေးငွေ ရမယ်တဲ့။ ကျနော် ဒီသေနတ်ကို ယူလာခဲ့တာ ဆုကြေးငွေလိုချင်လို့ မဟုတ်ပါဘူး။ မအလကို တော်လှန်နေတဲ့ ကျနော်တို့ရဲ့ ညီအစ်ကိုတော်တွေအတွက် လိုအပ်နေမှန်းသိလို့ပါ။ ကျနော် ဆုကြေးကို မယူပါဘူး။ မဖြစ်မနေ ပေးခဲ့ရင်လည်း အခက်အခဲ ကြုံတွေ့နေတဲ့ CDM တွေကို ကူညီဖို့ပဲ အသုံးပြုသွားမှာပါ။ ဘာပဲဖြစ်ဖြစ် အဘက်ဘက်က ဝိုင်းဝန်းကူညီကြသူ အားလုံးကို ကျေးဇူပါ။ 

(မှတ်ချက်- အထက်ပါအကြောင်းအရာ ရေးသားသည့် CDM စစ်သားကို မေ့မေ့ရင်ခွင် အဖွဲ့နှင့် ပြည်သူ့သားကောင်းအဖွဲ့တို့ ပူးပေါင်းကူညီခဲ့ကြသည်)

Red News Agency

By Editor