RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။
အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ထားသည့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၅၀) ယနေ့ နံနက်ပိုင်းက သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွေ့လိုက်ကြောင်း သိရသည်။
“အင်းစိန်အကျဥ်းဦးစီးဌာနမှ စက်တင်ဘာလ ၂၄ရက်နေ့ စနေနေ့ ယနေ့မနက်တွင် မယဥ်မြတ်နိုးဦး အပါအဝင် နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၀၀ ဦးနှင့် အမျိုး သမီး ၅၀ဦး၊ စုစုပေါင်းအယောက် ၂၅၀ ကို သာယာဝတီထောင်သို့ ပြောင်းရွေ့လိုက်ကြောင်း သတင်းရရှိသည်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)က ယနေ့ထုတ်ပြန်ထားသည်။
အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများကို ထောင်ပြောင်းရွေ့မှုပြုလုပ်ခြင်းမှာ ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း၊ ဖမ်းဆီးချုပ်နှေင်ခံထားရသူများ ပြောင်းရွေ့ရာတွင် မိသားစုများထံ ကြိုတင်အကြောင်းကြားခြင်းမရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ။ထောင်အာဏာပိုင်များသည် နိုင်ငံရေးအကျဥ်းသားများကို ထောင်တွင်းဖိနှိပ်မှုများပြုလုပ်နေသည်မှာ နေ့စဥ်နှင့်အမျှဖြစ်ကြောင်း၊ နယ်ထောင်များတွင် ထောင်တွင်းသတင်းရရှိမှု အားနည်းသည့်အတွက် ဖိနှိပ်အနိုင်ကျင့်မှုများကို ပြည်သူများပိုမိုအာရုံစိုက်ကြရန် အထူးလိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Red News Agency