စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။

ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ် လေယာဉ် ၂ စင်းဖြင့် ယနေ့ နံနက် (၁၀) နာရီကျော်က (၅)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည့် လေယာဉ်ကို KNLA တပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာ စက်ချို့ ယွင်းပြီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

“လာရောက်ပစ်ခတ်သည့် နေရာမှာ ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် (၅)ကြိမ် ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုတွင် သစ်ပင်များကိုသာ ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ထိုသို့လာရောက်ပစ်ခတ်သည့် လေယာဉ်တစ်စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် စက်ချို့ ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်းဝန်းအတွင်းသို့ အမြန်ဆင်းသက်ခဲ့ရပါသည်” ဟု ကေအဲန်ယူ ဗဟိုမှ ယနေ့ ထုတ်ပြန်ထားသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉) တပ်ဖွဲ့များနှင့် ဩဂုတ်လ ၇ ရက်နေ့က စစ်ကောင်စီတပ်မှ ဒိုးဒါးတာစုံမှ ကျောက်စရစ်ကျေးရွာသို့ ဝင်ရောက်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor